တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အခြေစိုက် ခမရ ၄၃၁ တပ်ရင်းတွင် စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ပျံလွှားတပ်ဖွဲ့မှ တာ၀န်ရှိသူ ရဲဘော်ဖီးလ်နစ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အခြေစိုက် ၄၃၁ အခြေမြန်တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်လာသည် စစ်မှုထမ်းတပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၃ ဦးသည် ကော့သောင်းမြို့နယ် Local PDF ပျံလွှားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသူ ၃ ဦးမှာ ကိုအာကာထွန်း၊ ကိုလှ၀င်းမောင်နှင့် ကိုအောင်ထွန်းလင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံအတွင် ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့နယ်မှ ကော့သောင်းမြို့နယ်သို့ ပို့ဆောင်ခံခဲ့ရကာ စစ်မှူးထမ်းအဖြစ် တပ်သားသစ်စုဆောင်းခံခဲ့ရပြီး ခြေမြန်တပ်ရင်း ၄၃၁ သို့ ပို့ဆောင်ခံရကာ ၁၀ ရက်ခန့်သာ နေထိုင်ခဲ့ပြီး ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထွက်ပြေးတုန်းကတော့ ၁၀ ယောက် အတူဖြစ်ပြီး ကျန် ၇ ဦးကတော့ ထွက်ပြေးနေတုန်း စစ်ခွေးများနဲ့ ထိပ်တိုက်တိုးပြီး သံပိုက်လုံးနဲ့ မသေရုံ ရိုက်နှက်ပြီး ပြန်လည် ဖမ်းဆီးသွားတယ်လို့ သိရတယ်။ ၃ ဦးကတော့ လွတ်မြောက်လာပြီး အလင်းဝင်လာတာ” ဟုပျံလွှားတပ်ဖွဲ့မှ တာ၀န်ရှိသူ ရဲဘော်ဖီးလ်နစ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဆက်လက်၍ ပြည့်သူ့ရင်ခွင် ခိုလှုံလိုသော စစ်ကောင်စီ တပ်သားများ အနေဖြင့် Local PDF ပျံလွှားတပ်ဖွဲ့ ထံသို့ ဆက်သွယ်နိုင်ပြီး လက်ခံ ကြိုဆိုသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။


