တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထိုင်း -မြန်မာနယ်စပ်ရှိ ပွိုင့် ၂၅၆၆ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၁၀ ရက်နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ (အမို နယ်စပ် (သို့) ပွိုင့် ၂၅၆၆ တွင် ရှိသော စစ်ကောင်စီ၏ ရှေ့တန်းစစ် စခန်းကို KNLA ဦးဆောင်သော တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းတပ်စခန်းကို ဇွန်လ ၈ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက် အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းပိုက်ရရှိခဲ့သော ပွိုင့် ၂၅၆၆ ထိုင်း-မြန်မာနယ်စပ်စခန်း၏ အထိုင်တပ်မှာ ခလရ ၂၅ ဖြစ်ပြီး ထီး ထာဗျူဟာ၏ ကွပ်ကဲမှုအောက်၌ရှိသော နယ်စပ်စခန်းဖြစ်ကြောင်း၊ အဆိုပါစခန်းသည် မြိတ်-ထား ဝယ်ခရိုင်၏ မယ်သမီထာ(ထီးထ) နှင့် မယ်သမီခီး(ထီးခီး)ဌာန ချုပ်ကျပြီးနောက် ၁၉၉၇ နှစ်ကုန်ပိုင်း တွင်တည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ မှ ဦး ဆောင်၍ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း ၇ ၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ (Karen Drone Special Force/KDSF) ၊ ထီးမိုပွာဒေသရှိ သစ်တောဌာန၊ ၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသမီးအစည်းအရုံးနှင့် မဟာမိတ်တပ်များဖြစ်သည့် TPLF နှင့် FFD Drone တပ်ဖွဲ့တို့ ပူးပေါင်း ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ ၄ ၏ ဌာနချုပ်ဖြစ်ခဲ့သည့် ထီးခီးနယ်စပ်စခန်းနှင့် ထီးထဗျူဟာစခန်းတို့ကို် ဧပြီလနှင့် မေလအတွင်း KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဗောဓိရွာအနီး နယ်စပ်မျဥ်းပေါ်မှ ဗောဓိစခန်းကို ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗောဓိစခန်းသိမ်းတိုက်ပွဲအတွင်း နေ့မအားညမနား ကြိုးပမ်းခဲ့ကြသော စစ်ဘက်ရေးရာ အရာရှိအရာခံ အကြပ်စစ်သည်များ၊ မဟာမိတ်တပ်ပေါင်းစုများ၊ ရပ်ရွာခေါင်းဆောင်များ၊ ဒေသခံပြည်သူများနှင့် တကွ အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း KNU- မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာက ထုတ်ပြန်ထားသည်။


