27 C
Yangon

ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၁

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ်များ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ပြောဆိုသည်။

ယခုဇွန်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၄ အတွက် ရေနံချောင်းမြို့ပေါ်တွင် စစ်တပ်၊ရဲနှင့် ပျူစောထီးများကနေ့စဉ် လူငယ်များကို လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရာတွင် လှည့်ကင်းဖြင့် ဖမ်းဆီးခြင်း၊ ဂိတ်ချ၍ ဖမ်းဆီးခြင်း စသည့် ပုံစံမျိုးဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၉ ရက်နေ့မှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ အထိ ၃ ရက်အတွင်း ရေနံချောင်းမြို့ပေါ်တွင် စစ်မှုထမ်းခိုင်းရန် လူငယ် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ ငွေကြေးတတ်နိုင်သော လူငယ်တချို့ကိုမူ စစ်တပ်က ငွေယူ၍ ပြန်လွှတ်ပေးခဲ့သော်လည်း အများစုသော လူငယ်များမှာ စစ်မှုထမ်းခိုင်းရန်အတွက် စစ်သားစုဆောင်းရေးတပ်များထံသို့ ပို့ဆောင်ခံရကြောင်း သိရှိရသည်။

“ဇွန်လ ၉ ရက်နေ့ မနက် ၈ နာရီလောက်စပြီး ရေနံချောင်းမြို့ပေါ် မိုးပေါက်ကံ မိုနာလီဇာ ဆီဆိုင်နားမှာ ဂိတ်ချပြီး ကားတွေကို စစ်ဆေးတယ်။ အဲဒီမှာ ပေါ်တာအဖြစ် လူငယ် ၂၀ ခန့် ဖမ်းဆီးခံရပါတယ်။ နောက် ဒီနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ရေနံချောင်းမြို့ပေါ် သခင်ဘိုးလှကြီး လမ်းကို အခြေပြုပြီး စစ်ဆေးဖမ်းဆီးတာမှာ လူငယ် ၁၀ ဦးကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပါတယ်။ ရဲ၊ စစ်တပ်နဲ့ ပျူစောထီးတွေ အကုန်စုပေါင်းပြီး ဖမ်းဆီးတာပါ” ဟု ရေနံချောင်းမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက လိုင်စင်မဲ့ဆိုင်ကယ်နှင့်ကား ဖမ်းဆီးသည်ဟုဆိုကာ လိုင်စင်မရှိသော ဆိုင်ကယ်များ၊ စီးနင်းသူလူငယ်များကိုလည်း ဖမ်းဆီးကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်များကို လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှုဖြင့် ထောင်ကျခံမည်လား၊ စစ်မှုထမ်းမည်လားဟုမေးမြန်းကာ စစ်သားအဖြစ် စုဆောင်းများစွာရှိနေကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်သည် စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းရန် လူငယ်များကို ပုံစံမျိုးဖြင့် ဖမ်းဆီးမှုအများဆုံးသော မြို့တစ်ခုဖြစ်ပြီး မြို့ပေါ်မှ လူငယ်များနှင့် မြို့နယ်အတွင်းကျေးရွာများမှ လူငယ်များမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုများမှ လွတ်မြောက်နိုင်ရေး ရန်ကုန်နှင့် မြို့ပြဒေသများသို့ ပြောင်းရွှေ့ခြင်း၊ ပြည်ပနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းများမှ ထွက်ခွာခြင်းများ လုပ်ဆောင်နေရသည်ဟု ရေနံချောင်းမြို့မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

“ရေနံချောင်းမှာ အမျိုးသား လူငယ်အရွယ်တွေ တော်တော်ရှားသွားပြီ။ ရှိတဲ့လူငယ်တွေလည်း အဖမ်းခံရတာများတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ မိန်းကလေးတွေကိုပဲ အဓိက အားပြုနေရတယ်” ဟု ရေနံချောင်းမြို့မှ စီးပွားရေးသမားက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ကားများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article