မကွေးတိုင်း၊ ပခုက္ကူမြို့ သီဟိုဠ်ရှင် ဘုရားပွဲဈေးသို့ လာရောက်သည့် လူငယ် ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မိသားစုဝင်များက ရဲစခန်းတွင် သွားရောက် စုံစမ်းသော်လည်း ပြန်လွှတ်ခံရကြောင်း 3 Star Myaing (ပခုက္ကူ ခရိုင်အတွင်း ရှိ မြေပြင်သတင်းများ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သီဟိုဠ်ရှင် ဘုရားပွဲဈေးသို့ လာရောက်သည့် လူငယ် ၃၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးမှု ဖြစ်ပွားပြီးနောက် လူငယ်များ၏ မိသားစုဝင်များက ရဲစခန်းကိုသွားရောက် စုံစမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆဲဆိုကျိမ်းမောင်းပြီး ပြန်လွှတ်ခဲ့ကြောင်း သိရှိရသည်။
“ပခုက္ကူ သီဟိုဠ်ရှင် ဘုရား ပွဲဈေးကိုလာတဲ့ လူငယ် ၃၀ ကျော်ကို မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီကနေစပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ ဖမ်းဆီးသွားတာပါ။ ရုန်းရင်းဆန်ခတ်တွေလည်း ဖြစ်ပွားခဲ့တယ်။ လူငယ်တွေရဲ့ မိသားစုဝင်တွေက ပေါ်တာဆွဲ ခံရတာ သိသိချင်းပဲ ရဲစခန်းကို သွားရောက် စုံစမ်းတာ ပြန်လွှတ်ခံရတယ်” ဟု 3 Star Myaing (ပခုက္ကူ ခရိုင်အတွင်း ရှိ မြေပြင်သတင်းများ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီခန့်ကလည်း ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းဆုံတွင် ဆိုင်ကယ်သမားစီးလာသည့် လူငယ် ၁ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝိုင်းဝန်းရိုက်နှက်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို ပခုက္ကူ တပ်မ ၁၀၁ မှ တဆင့် တခြားမြို့နယ်များသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
