မုံရွာအကျဉ်းထောင်မှ ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား/သူများနှင့် အကျဉ်းသား/အကျဉ်းသူ ၂၀၀ ဝန်းကျင်ကို မန္တလေး အိုးဘိုအကျဉ်းထောင်၊ မြင်းခြံထောင် နှင့် မကွေးထောင် တို့ကို ပို့ဆောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) က သံပြားကာကား ၂ စီး၊ အိမ်စီးကား ၃ စီး၊ ဆယ့်နှစ်ဘီးကား ၆ စီးတိုဖြင့် မုံရွာထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရန် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ထောင်ပြောင်းရွှေ့မှုထဲမှာ ကိုဝေမိုးနိုင် ကျွန်တော်တို့ အခေါ် ကိုပန်ဒါလည်း ပါသွားတယ်လို့ သိရပါတယ်။ မန္တလေး အိုးဘိုအကျဉ်းထောင်ကို ဦးတည်ပြောင်းရွှေ့တယ်ဆိုပေမယ့် မြင်းခြံအကျဉ်းထောင်နဲ့ မကွေးထောင်တွေကိုလည်း သီးခြားခွဲပြီး ပို့တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်ဗျ။ ဘာလို့လဲဆိုတော့ မန္တလေး အကျဉ်းထောင်မှာ လက်ရှိရှိတဲ့ လူဦးရေနဲ့ အကျဉ်းထောင်ရဲ့ ဆံ့တဲ့ ပမာဏဟာ အတိုင်းထက် အလွန်ဖြစ်နေပါပြီ။ ဒီလို အခြေအနေမျိုးမှာ မန္တလေး ငလျင်ဒဏ်ကြောင့်မို့လို့လည်း အကျဉ်းထောင်ဟာ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်ပါတယ်” ဟု PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းကတည်းက ထောင်ပြောင်းရွှေ့ရန် အကြမ်းဖက်စစ်တပ်နှင့် အကျဉ်းဦးစီးဘက်က ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဒီလို အခြေအနေမျိုးမှာ လူ ၂၀၀ ဝန်းကျင်လောက်ကို ထောင်ပြောင်းရွှေ့ပြီးမှ အိုးဘိုထောင် တစ်ထောင်ထဲမှာပဲ ထားမယ်ဆိုရင်တော့ ပိုပြီးမှ ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်မျိုး ဖြစ်ခဲ့ရင် ထိခိုက်ဒဏ်ရာရရှိနိုင်မယ့် အခြေအနေအန္တရာယ်တွေ အများကြီး ရှိပါတယ် ခင်ဗျ”ဟု PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
