25 C
Yangon

လမ်းမတော်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွား၊ ပျူစောထီးတချို့ကို ရဲက ဖမ်းသော်လည်း တပ်က ပြန်လွှတ်ခိုင်း

Must read

ရန်ကုန်၊ ဇွန် ၁၄

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ အချင်းများ ရန်ဖြစ်မှုများ ပေါ်ပေါက်လာကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် လမ်းမတော်မြို့နယ်၊ ဂျန်းရှင်းမော်တင်အနီးတွင် ရဲ ၁ ဦးကို ပျူစောထီးအဖွဲ့ဝင် ၆ ဦး က ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ယင်းနောက် ရဲများ ထပ်မံရောက်ရှိလာပြီး ပျူစောထီးအဖွဲ့များကို ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရဲ ၁ ဦးနှင့် ပျူစောထီးအဖွဲ့ ၁ ဦးတို့အကြား အမျိုးသမီးကိစ္စနှင့်ပတ်သက်၍ အချင်းများရာမှ အုပ်စုလိုက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမျိုးသမီးကိစ္စ ပျူတွေနဲ့ ရဲတွေဖြစ်ကြတာ။ ပျူတွေဆိုပေမယ့် လူမိုက်တွေပဲ။ အခုက လူမိုက်တွေကို ပျူစောထီးအဖြစ် တပ်က ခေါ်သုံးနေတာ။ အမျိုး သမီးက ပျူ ၁ ဦးနဲ့ ရည်းစားလိုလို ဘာလိုလို အီစီကလီတွေလုပ်ပြီး ငွေကြေးနဲ့ ပစ္စည်းဇယား ကျော်ခွ(လိမ်လည်) သွားတယ်။ အဲဒါကို ပျူတွေက မကျေနပ်လို့ အမျိုးသမီးကို ရှာတဲ့အချိန် အဲဒီအမျိုးသမီးနဲ့ အီစီကလီဖြစ်နေတဲ့ရဲက လာအကာအကွယ်ပေးပြီး ဖြစ်ကြတာ။ မနေ့ည ၈ နာရီကျော်လောက် သေနတ်သံတွေကို ဂျန်းရှင်းမော်တင်နားမှာနေတဲ့ ပြည်သူတွေအားလုံးကြားလိုက်ကြတယ်” ဟု လမ်းမတော်မြို့နယ်အနီးနေထိုင်သော ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ လမ်းမတော်မြို့နယ်၊ ဂျန်းရှင်းမော်တင်အနီး ပျူအဖွဲ့နှင့်ရဲအဖွဲ့ အကြား တိုက်ခိုက်မှုတွင် ပျူစောထီး ၂ ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲ ၁ ဦးမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။

အလားတူ မေလ ၂၅ ရက်နေ့ကလည်း ကမာရွတ်မြို့နယ်ရဲစခန်းတွင် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ထံမှ လိုင်စင်မဲ့ ဆိုင်ကယ်ကို ရဲက ဖမ်းဆီးမှုဖြင့် ပျူစောထီးအဖွဲ့နှင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ပွားသည်အထိ ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မေလ ၂၅ ရက်နေ့ လှိုင်မြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သော စန်းဌေး၏ မိန်းမ စီးနင်းလာသော လိုင်စင်မဲ့ဆိုင်ကယ်ကို ကမာရွတ်မြို့နယ်အတွင်းတွင် မြို့နယ်ရဲများက ဖမ်းဆီးခဲ့ကြောင်း၊ ပျူစောထီးခေါင်း အုပ်ချုပ်ရေးမှူး စန်းဌေးက ဆိုင်ကယ်ပြန်ပေးရန် ကမာရွတ်မြို့နယ် ရဲစခန်းထံသို့ သွားရောက်တောင်းခံခဲ့သော်လည်း မရခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် လှိုင်မြို့နယ်မှ ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် လှိုင်မြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းဌေး၊ လှိုင်မြို့နယ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်သူ၊ လှိုင်မြို့နယ် ၁၀ ရပ်ကွက်အုပ်ကြီး သန့်ဇင်ဦးနှင့် ပျူစောထီး အဖွဲ့ဝင် ၂၀ ဦးခန့်က ၎င်းတို့ကို တပ်ဆင်ထားသော သေနတ်များ ယူဆောင်၍ ကမာရွတ်မြို့နယ်ရဲစခန်းသို့ မေလ ၂၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန် ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။

မေလ ၂၅ ရက်နေ့ ညသန်းခေါင်အချိန် ကမာရွတ်မြို့နယ်ရဲစခန်းသို့ ရောက်ရှိသောအခါ ပျူစောထီးအဖွဲ့က သေနတ် ပစ်ဖောက်ပြီး ဆိုင်ကယ်ပြန်ပေးရန် တောင်းခံကြောင်း၊ ကမာရွတ်မြို့နယ် ရဲမှူးနှင့်အဖွဲ့က လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုရာမှ ပျူစောထီးအဖွဲ့ဝင်များနှင့်ရဲများအကြား ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်မှာ သေနတ်သံ ၃ ချက် စဖောက်တယ်။ပြီးတော့ ရဲကားတွေ အကုန်ဝင်လာတယ်။ ခဏနေတော့ အိမ်စီးကားတွေနဲ့ လူတွေ အများကြီးရောက်တယ်။ ပျူတွေနဲ့ ရဲတွေ ရိုက်ကြနှက်ကြတာ။ ပျူတွေဘက်ကလည်း ထိသွားတယ်။ ရဲတွေဘက်ကလည်း ၂ ဦးလောက် ထိသွားတယ်။ ခဏကြာတော့ တပ်နယ်မှူးပါ ရောက်လာတယ်” ဟု​ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က စခန်းအတွင်းသို့ လာရောက် သောင်းကျန်းသော ပျူစောထီးအဖွဲ့ဝင်များကို ဖမ်းဆီးပြီး တာဝန်၀တ္တရားနှောင့်ယှက်မှု၊ လုံခြုံရေးထိပါးစေမှု အပါအဝင် နိုင်ငံ့ဝန်ထမ်းကို နှောင်ယှက်သော အမှုများဖြင့် ဖမ်းဆီးတရားစွဲရန် ပြင်ဆင်ခဲ့ကြောင်း၊ သို့ရာတွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ကို လုံခြုံရေးတာဝန်ယူထားသော စစ်တပ်တာဝန်ရှိသူက ပျူစောထီးများကို ပြန်လွှတ်ပေးရန် ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး သတင်းမပေါက်ကြားစေရန်၊ အချင်းချင်းညှိနှိုင်းဆောင်ရွက်ကြရန် ကြားဝင် ဖျန်ဖြေပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ ခိုးဆိုးလုယက် ထောင် ထွက် လူမိုက်များကို ပျူစောထီးများအဖြစ် လက်သပ်မွေးကာ လက်နက်တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ်များတွင် ညပိုင်း ကင်းလှည့်ကြသော စစ်တပ်လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင်များ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article