25 C
Yangon

မန္တလေး၊ အိုးဘိုထောင်တွင် ဆေးကုသခွင့် မရ၍ နိုင်ငံ‌ရေးအကျဉ်းသူ‌ CDM အလယ်တန်းကျောင်းအုပ် ဒေါ်မြင့်မြင့်သန်း ကွယ်လွန်၊ ယခုနှစ်အတွင်း ထောင်အတွင်း သေဆုံးရသော နိုင်ငံရေးအကျဉ်းသား ၁၁ ဦးရှိလာ

Must read

ရန်ကုန်၊ ဇွန် ၁၄

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ဆေးကုသမှု မရရှိ၍ နိုင်ငံ‌ရေးအကျဉ်းသူ‌ CDM အလယ်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် မေလ ၇ ရက်နေ့ CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်း ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ပြီး ဒေါ်မြင့်မြင့်သန်းသည် တီဘီရောဂါအခံရှိသောကြောင့် ဆေးဝါးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေသူတစ်ဦးဖြစ်ကာ ရောဂါပြင်းထန်လာချိန်တွင် ထောင်အာဏာပိုင်များထံ ပြင်ပတွင် ဆေးကုသခွင့်တောင်းခံခဲ့သော်လည်း ထောင်အာဏာပိုင်များက ဆေးကုသခွင့်ပေးခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ကြောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းသည် တီဘီရောဂါအခံကြောင့် ဆေးပြင်းများသွင်းနေရပြီး သွေးကြောပေါက်ချိန် အချိန်မီ ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခဲ့သဖြင့် သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဒီနှစ် ဇန်နဝါရီကနေ ဇွန်လအထိ သေဆုံးမှုအများဆုံးထောင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်ဖြစ်နေတာကို ‌တွေ့ရပါတယ်။ ဒီအခြေအနေဟာ ထောင်တွင်းဆေးဝါးကုသမှုမရရှိမှု ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာ သေဆုံးခဲ့ကြရတဲ့သူတွေက သက်သေပြနေရသလိုဖြစ်ပါတယ်။ နောက်ထပ် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးတာမျိုး ထပ်ပြီး မဖြစ်စေချင်တော့ပါဘူး”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ငံရေးအကျဉ်း သားများ အပါ အဝင် အကျဉ်းကျခံနေရသူများမှာ ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့်အခြေနေမဟုတ်ဘဲ အသက်ပေးရသည်အထိ ဖြစ်ပွားလျက်ရှိကြောင်း၊ ၂၀၂၅ ဇန်နဝါရီလမှ ဇွန်လ ၁ ရက်နေ့အထိ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ သေဆုံးခဲ့ရသူ နိုင်ငံ ရေးအကျဉ်းသား ၁၁ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကျဉ်းဦးစီးဌာနမှ လက်အောက်ခံဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article