25 C
Yangon

စစ်တပ်တရားရုံးများက သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေသည့်အပြင် အကျဉ်းသားအကျဉ်းသူများကို လျှပ်စစ်ရှော့ခ်ဖြင့် ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများပါ လုပ်နေ

Must read

ရန်ကုန်၊ ဇွန် ၁၄

အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ တရားရုံးများက လျှို့ဝှက်စွာ သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေသည့်အပြင် စစ်တပ်ကလည်း အကျဉ်း သားအကျဉ်းသူများကို လျှပ်စစ်ရှော့ခ်ဖြင့် ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကိုပါ လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာပေါ်ရှိ အကျဉ်းထောင်များတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်း”နှင့်စပ်လျဉ်း၍ တံခါးဖွင့် ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အစဉ်အဆက် လက်အောက်၌ မတရား အကျဉ်းချခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့က တရားဥပဒေစိုးမိုးမှုကို အချိန်ကြာမြင့်စွာ ဖျက်ဆီးထားခဲ့ကြောင်း၊ ယခုအခါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ဖြစ်ပေါ်ချိန်ကတည်းက ယင်းသို့သော ဖိနှိပ်ချုပ်ခြယ်မှုများက အလွန်အမင်းစိုးရိမ်ရေမှတ် သို့ ရောက်ရှိလာခဲ့ကြောင်း၊ စစ်တပ်လက်အောက်ခံ တရားရုံးများက လျှို့ဝှက်စွာ လှုပ်ရှားပြီး သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေကြောင်း၊ ၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ပင် ဒီမိုကရေစီ ထောက်ခံ အားပေးသူ အယောက် ၁၆၀ ခန့် သေဒဏ်ချမှတ်ခံခဲ့ရကြောင်း ၎င်းက ဆို သည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အနေဖြင့် တံခါးပိတ် တရားခွင်များဖြင့် မတရား ကွပ်မျက်စီရင်ခြင်းကို ခံခဲ့ကြရကြောင်း၊ စစ်အုပ်စုအနေဖြင့် အကျဉ်းသား အကျဉ်းသူများကို လျှပ်စစ်ရှော့ခ်များ အသုံးပြု၍ ညှဉ်းပန်းခြင်း၊ ရိုက်နှက်ခြင်း၊ အသက်ရှူကြပ်စေခြင်း၊ အမျိုးသား၊ အမျိုးသမီးတို့အား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ထိန်းချုပ်ထားများပါ လုပ်ဆောင်နေကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းသူကျောင်းသားများ၊ ဆရာဝန်များ၊ သတင်းထောက်များ၊ ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ကလေးများအထိ ပါဝင်လျက် ပြည်သူ ၂၉,၀၀၀ ကျော်မှာ နိုင်ငံရေးရပ်တည်ချက်များကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း၊ အများစုမှာ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီး စစ်တပ်မှ ငွေညှစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများအနက် ၂၂,၀၀၀ ကျော်မှာ ဆက်လက် ထိန်းသိမ်းခံထားရပြီး ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း၊ သို့ရာတွင် အဆိုပါ ဖမ်းဆီးထိန်းချုပ်ခံထားရသူများအနေဖြင့် တရားမျှတမှုရှိသော တရားခွင်ဆုံးဖြတ်မှုကို တစ်ကြိမ် တစ်ခါမျှ ခံစားခွင့် မရခဲ့ကြကြောင်း သိရှိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များကို ကုလသမဂ္ဂနှင့် ICRC တို့မှ အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ရရှိစေရေး တောင်းဆိုရန် – အထူးသဖြင့် အဆိုပါ အဖွဲ့အစည်းများအနေဖြင့် အကျဉ်းသားများ အမှန်တကယ် ရင်ဆိုင်နေရသည့် အခြေအနေများကို မှန်ကန်စွာ သိရှိ နားလည်ရန် လိုအပ်ကြောင်း၊ အကျဉ်းသားများအနေဖြင့် မည်သည့် အကြောင်းပြချက် ဖြင့် ဖမ်းဆီးခံရစေကာမူ တရားရုံးရှေ့မှောက်၌ တရားမျှတမှုရှိစွာ တရားရင်ဆိုင်ခွင့် ရှိသင့် ကြောင်း၊ ထို့အတူ မိသားစုဝင်များအနေဖြင့်လည်း အကျဉ်းသားများ၏ အခြေအနေကို သိရှိပိုင်ခွင့်ရှိသောကြောင့် ၎င်းတို့အကြားတွင် အဆက်အသွယ်ပြုခွင့် ရှိရမည်ဖြစ်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ ပြောဆိုသည်။

စစ်တပ်က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း ပြန်လည်လွှတ်ပေးရန်အတွက် ခိုင်ခိုင် မာမာ တောင်း ဆိုရန်၊ စစ်အုပ်စုအပေါ်၌ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်လည်း နိုင်ငံတကာသို့ ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ချိုးဖောက်သည့်အပြင် အရပ်သားပြည်သူ များအပေါ် စစ် မက်ကျူးလွန်နေခြင်းကြောင့် အကျဉ်းကျနေသူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နေရပ်စွန့်ခွာမှုပြဿနာနှင့် လူသားစာနာအကျပ်အတည်း ဒုက္ခ တို့ကို ရင်ဆိုင်နေရကြောင်း၊ တစ်ပြိုင်တည်းမှာပင် စစ်အုပ်စုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေပြီး နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ စစ်အုပ်စုသည် စစ်ရာဇဝတ်နှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တစ်ဦးတည်းသော တရားခံများပင်ဖြစ်ကြောင်း၊ ၎င်းတို့အား မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်းရေးအတွက် အားထုတ်နေသည့် မိမိတို့၏ ကြိုးပမ်းမှုများကို ကူညီ အားဖြည့်ပေးကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article