30 C
Yangon

ဘန်ကောက်သို့ မင်းအောင်လှိုင် လာရောက်စဉ် ဆန္ဒပြရန် ကြိုးစားသည့် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးကို ထိုင်းအာဏာပိုင်များက အမှု ၇ မှုဖြင့် တရားစွဲထား

Must read

ရန်ကုန်၊ ဇွန် ၁၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှန်ဂီလာဟိုတယ်သို့ မင်းအောင်လှိုင် လာရောက်စဉ် ဆန္ဒပြရန် ကြိုးစားသည့် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးကို ထိုင်းအာဏာပိုင်များက အမှု ၇ မှုဖြင့် တရားစွဲထားပြီး IDC တွင် ၂ လကျော်ကြာ ဖမ်းဆီးထားကြောင်း ကိုဖြိုးပိုင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့တွင် ဘန်ကောက်မြို့၌ BIMSTEC အစည်းအဝေး တက်ရောက်ရန် ရှန်ဂီလာဟိုတယ်သို့ ရောက်ရှိနေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြရန် ကြိုးစားသည့် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးကို ထိုင်းအာဏပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများပြုလုပ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံ တည်တန့်ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းနိုင်ငံ လူမူအသိုင်းအဝိုင်းကို အန္တရာယ်ဖြစ်စေနိုင်မှု၊ ထိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းရေးကိုအန္တရာယ်ပြု ဖြစ်စေအောင်ပြုလုပ်မှု၊ ထိုင်းနိုင်ငံ လူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်ဖြစ်စေမှု အပါအဝင် အမှု ၇ မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့သည် ထိုင်းနိုင်ငံအတွက် အန္တရာယ်ရှိစေသည်ဟုဆိုကာ တရားဝင် နေထိုင်ခွင့်ကိုပါ ရပ်စဲလိုက်ကြောင်း၊ ထိုသို့ တရားစွဲဆိုမှုများ ပြုလုပ်ပြီးနောက် ဘန်ကောက်မြို့ရှိ Immigration Detention Center သို့ ပို့ဆောင်ကာ လက်ရှိချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားပြီး ရှေ့နေ ငှားခွင့်နှင့် မိသားစုဝင်များနှင့်တွေ့ဆုံခွင့်ပါ မပေးကြောင်း သိရသည်။

“ကျနော်တို့ကို အဲနေ့က ရဲစခန်းကို ခေါ်သွားပြီးတော့ မင်းတို့မှာ ဘာအပြစ်မှ မရှိဘူး။ မင်းတို့ကို ငါတို့ နယ်စပ်ကို ပို့ပေးမယ်ပေါ့နော် မြန်မာပြည်ကို ခဏပြန်လိုက် ကျနော်တို့က ဒီမှာနေတာ အထောက်အထားမဲ့တွေ မဟုတ်ဘူး။ ကျနော်တို့က အထောက်အထားတွေ အကုန်အပြည့်အစုံရှိပြီးသားလူတွေ မင်းတို့ အထောက်အထားတွေနဲ့ ဘန်ကောက်ကို ပြန်တက်လာလို့ရတယ်ပေါ့။ ကျနော်တို့က လက်မှတ်ထိုးပေးတာ အမှန်တော့ ထိုင်းအာဏာပိုင်တွေက ကျနော်တို့ကို လိမ်လည်ပြီးတော့ လက်မှတ်ထိုးခိုင်းတာ ကျနော်တို့ ဖုန်းတွေကို ယူဆောင်သွားတယ်။ ကျနော်တို့ကို ရှေ့နေ ခေါ်ပိုင် ခွင့်လည်း မပေးဘူး။ မိသားစုနဲ့ ဆက်သွယ်ခွင့်လည်း မပေးဘူး။ UN ကတော့ ကျနော်တို့ကို အကာအကွယ် တစ်ခုပဲပေးထားတယ်။ မြန်မာပြည်ပြန်မပို့ရေးဆိုတဲ့ အကာအကွယ် တစ်ခုပဲ ပေးထားတယ်” ဟု ကိုဖြိုးပိုင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ထိန်းသိမ်းခံထားရချိန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေရပြီး အနာဂတ်မှာလည်း ရေရာမှုမရှိကြောင်း၊ မြန်မာစစ်တပ်လက်ထဲသို့ ရောက်ရှိမည်ကို စိုးရိမ်နေရကြောင်း သိရှိရသည်။

“ထိုင်းနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ကျနော်တို့ကိုလာတွေ့တယ်။ ကျနော်တို့ကို မြန်မာပြည်ပြန်မပို့ရေးပေါ့။ ကျနော်တို့အမှုက တရားမျှတမှုမရှိဘဲ ထိုင်းအာဏာပိုင်တွေက လူ့အခွင့်‌အရေး ချိုးဖောက်တာ ကျနော်တို့ မလွတ်မြောက်သေးဖူးဆိုတာ နိုင်ငံတကာက သိအောင် ဝိုင်းပြီးတော့ ဝန်းရံကြပါ။ ကျနော်တို့က အထိန်းသိမ်းခံ ဘဝ ပဲရှိသေးတယ်။ ကျနော်တို့ကတော့ ဆက်လက် တိုက်ပွဲဝင်သွားမှာပဲ” ဟု ကိုဖြိုးပိုင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article