30 C
Yangon

နောင်ချို သို့ ဦးတည် ပြန်သိမ်းရန် စစ်ကောင်စီက စစ်ကြောင်းများ ခွဲ၍ ဆက်တိုက် ထိုးစစ်ဆင်လာနေပြီး နေ့စဉ် အဆက်မပြတ် တိုက်ခိုက်နေ၊ ပြင်ဦးလွင် ခြိမ်းခြောက်မခံရရေး နောင်ချို ပြန်ရရရေး အခရာကျဟုဆို

Must read

ရန်ကုန်၊ ဇွန် ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့သို့ ဦးတည် ပြန်လည် သိမ်းပိုက်ရန်အတွက် စစ်ကောင်စီက စစ်ကြောင်းများခွဲ၍ အပြင်းအထန် ထိုးစစ်ဆင်လာနေ​ကာ နေ့စဉ်စစ်တပ်က တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း နောင်ချိုမြို့ ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက နောင်ချိုမြို့သို့ ဦးတည်၍ တောင်ခမ်းဒေသ ကံကြီးကျေးရွာဘက်မှလည်းကောင်း၊ ပြင်ဦးလွင် ဘန့်ဘွေးဘက်မှလည်းကောင်း၊ တောင်ခမ်းဒေသ နောင်ချိုကြီး ဘက်ပိုင်းမှလည်းကောင်း စစ်ကြောင်းများကို အင်အားဖြည့် ထိုးစစ်ဆင်လာနေကြောင်း၊ စစ်ကောင်စီတပ်၏ စစ်ကြောင်းများက နေ့စဉ် ရှေ့တိုး တိုက်ခိုက်နေသော်လည်း တချို့နေရာများတွင် TNLA ပူးပေါင်းတပ်များက ပြန်လည် ခုခံနေရာမှ ထိုးစစ်ပုံစံ ပြန်ပြောင်းတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်များ နောက်ပြန်ဆုတ်သွားမှုများရှိကြောင်း သိရှိရသည်။

“အခု နောင်ချိုမြို့နယ်မှာ စစ်တပ်ကတော့ အတင်းရှေ့ကို တိုးတာပဲ။ TNLA နဲ့ တော်လှန်ရေးတပ်တွေက ခုခံရာကနေ ပြန်ထိုးစစ်လုပ်တော့ စစ်တပ်က ထိုးစစ် ပြန်လန်သွားတယ်။ အဲဒါလည်း အင်အားပြန်ဖြည့် လက်နက်ခဲယမ်း ပြန်ဖြည့် ပြန်တိုးဖို့ ကြိုးစား အဲဒီလိုတွေ ဖြစ်နေတယ်။ စစ်တပ်စစ်ကြောင်းတွေက နောင်ချိုမြို့ကိုပဲ ဦးတည်ထားတာ။ နောင်ချိုကို မရမက ပြန်တိုက်ဖို့ ” ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး ၉ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၂၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့ သတင်းထုတ်ပြန်သည်။

ထို့အပြင် လက်ပန်ကုန်းကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့ လက်ပန်ကုန်းကျေးရွာ၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး ၉ လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ ဗုံး ၃၇ လုံးနှင့် ဗုံး ၃၅ လုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“နောင်ချိုက ပြင်ဦးလွင်နဲ့ အနီးဆုံးဖြစ်တော့ ပြင်ဦးလွင်ကို ခြိမ်းခြောက်နေတာကို စစ်ခေါင်းဆောင်က လိုလားပုံမရဘူး။ နောင်ချိုကို သည်းသည်းမည်းမည်း ပြန်တိုက်နေတာ တပ်မြို့ ပြင်ဦးလွင်ကို ခြိမ်းခြောက်မှာ ကြောက်လို့။ နောင်ချို၊ တောင်ခမ်းကိုသာ TNLA က ရရင် ပြင်ဦးလွင်မှာရှိနေတဲ့ DSA နဲ့ DSTA ကျောင်းတွေ အကုန်ရွှေ့ရမှာပဲ။ နောင်ချိုကို စစ်တပ်က ပြန်တိုက်နေတာက နယ်မြေလိုချင်တာထက် ဂုဏ်သိက္ခာကို ကာကွယ်တဲ့သဘောလို့ သုံးသပ်ရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၁ လလုံး ငလျင်အတွက် ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ကြေညာထားသော်လည်း နောင်ချိုမြို့ကိုမူ နေ့စဉ် နေ့တိုင်း ထိုးစစ်ဆင်၊ ပစ်ခတ်တိုက်ခိုက်မှုများ အကြီးအကျယ် လုပ်ဆောင်ကာ ၎င်းကြေညာထားသော အပစ်ရပ်ကြေညာမှုကို ကိုယ်တိုင် ပြန်လည် ချိုးဖောက်ပြနေသည်ဟု နောင်ချိုဒေသပြည်သူများနှင့် TNLA က ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article