ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှ ကျေးရွာများကို စစ်ကြောင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း Swallow Column – ပျံလွှားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့တွင် ကျုံဒိုးမြို့မှ တစ်ဆင့် နွားခြံကုန်းရွာနှင့် အင်းကြီးရွာသို့ အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄နှင့် တပ်မ ၅၅ မှ စစ်ကောင်စီ တပ်သားများ ပါဝင်သော ပူးပေါင်း စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီး ၊ Drone များပါ ယူဆောင်လာပြီး စစ်ကြောင်း ထိုးတက်လာခဲ့ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပျံလွှားစစ်ကြောင်း နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေးအကောင် ၅၀ ထက်မနည်း သေဆုံးပါတယ်။ စစ်ကောင်စီက လက်နက်ကြီး တောက်လျှောက်ပစ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘေးကင်းရာကို ရွေ့ပြောင်းနေထိုင်ကြဖို့နဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Swallow Column – ပျံလွှားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျှက်ရှိသောကြောင့် ပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေထိုင်ကြပါရန်နှင့် ပျံလွှား စစ်ကြောင်းမှ စစ်ကောင်စီ၏ Drone တိုက်ခိုက်မှုများကို အနှောက်ယှက်ပြု ပြန်လည် တိုက်ခိုက်နိုင်ရန်နှင့် ရဲဘော်များ၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန် Jammer ဝယ်ယူနိုင်ရေး ကြိုးပမ်းလျှက်ရှိသောကြောင့် ပြည်သူများ အနေနှင့် ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးရန် မေတ္တာရပ်ခံကြောင်း Swallow Column – ပျံလွှားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
