28 C
Yangon

ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ဖြိုးဇော်သက် အပါအဝင် စစ်‌ကောင်စီ တပ်သား ၂၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ဖြိုးဇော်သက် အပါအဝင် စစ်‌ကောင်စီ တပ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ဖားကန့်မြို့၌ တိုက်ပွဲ ၂ နေရာ ဖြစ်ပွားခဲ့ပြီး မှော်ဆီဇာဘုရားကုန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက် ကံဆီး ဗျူဟာ အထိုင်စခန်းမှ G-2 အဆင့် ဗိုလ်မှူး ဖြိုးဇော်သက်နှင့် စစ်ကောင်စီ တပ်သား ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ တိုက်ပွဲမှာ တပ်မ ၃၃ လက်အောက်ခံ ကံဆီး ဗျူဟာ အထိုင်စခန်းက G-2 အဆင့်ရှိတဲ့ ဗိုလ်မှူး ဖြိုးဇော်သက်နဲ့ စစ်ခွေး ၂၁ ကောင် သေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဖားကန့် မှော်ဝမ်းလေးရွာ ဘုရားကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်နေကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းမှာ မှော်ဝမ်းလေး ကျေးရွာသို့ မကြာသေးခင်ကမှ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ၊ လတ်တလော မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးရှိ ပြည်သူများ စစ်ဘေးရှောင်ပြေးနေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“လောလောဆယ်တော့ ဖားကန့်မှာ ၂ နေရာတိုက်ပွဲ ပြင်းထန်တယ်။ ဒီ မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင် တပ်မဟာ အဲဒီစစ်ကြောင်းက ဖားကန့်ရောက်လာကတည်းက တပ်မဟာမှူး ဗိုလ်မှူးချုပ် ဇော်လတ်ဦးဆောင်တဲ့ စစ်ကြောင်းရောက်လာကတည်းကနေ အဲဒီစစ်ကြောင်းက ဖားကန့်ပြည်သူ အယောက် ၃၀ ကျော်ကို နှိပ်စက်သတ်ဖြတ်ထားပြီ။ လောလောဆယ် ဖားကန့်ပြည်သူတွေက အဲဒီစစ်ကြောင်းရောက်လာတဲ့အတွက် စိုးရိမ်ထိတ် လန့်နေရတယ်။ အဲဒီစစ်ကြောင်း ရောက်လာကတည်းကနေ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီတွေ မီးရှို့တယ်၊ ပြည်သူကို သတ်ဖြတ်တယ်။ အကြမ်းဖက်မှုတွေ နေ့တိုင်း လုပ်ဆောင်နေတယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာမှ စစ်ကြောင်းက ဖားကန့်မြို့သို့ မေလ နှောင်းပိုင်းကတည်းက စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုအခါ ရက် ၂၀ နီးပါး ရှိနေပြီဖြစ်ကာ နေ့တိုင်းနီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article