28 C
Yangon

ရန်ကုန်-ပြည်လမ်းနှင့် မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး၊ ခရိုင်ရဲမှူးနှင့် မြို့မရဲစခန်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၇

ပဲခူးတိုင်း၊ ရန်ကုန်-ပြည်လမ်းနှင့် မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး၊ ခရိုင်ရဲမှူးနှင့် မြို့မရဲစခန်းမှူး အပါအဝင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၁၆ ရက်‌နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ ၁ လက်အောက်ခံ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိအခိုက်နားက ပြန်လည် ဆုတ်ခွာခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင်လည်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ်အပိုင်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံရဲကင်းစခန်းတွင် အထိုင်ချပြီး ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း၊‌ လူငယ်များကို ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသော စစ်ကောင်စီ တပ်သားများကို ထပ်မံသွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်အိုင်ချောင်းပေါက်မှ တဆင့် စစ်ကူလာသော အင်အား ၂၅ ဦးပါ ဖောကား ၁ စီးကိုလည်း ရှမ်းတောကျေးရွာအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ကား ၁ စီးလုံး ပျက်စီးသွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ၊ ခရိုင်ရဲမှူးအဆင့် ၁ ဦး ၊ မြို့မရဲစခန်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ခဲယမ်း ၊ ဖုန်း ၂ လုံး နှင့် စကားပြောစက်တို့လည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ရေးကိုတော့ ကျနော်တို့ တောက်လျောက် ဖော်ဆောင်သွားမယ်။ ပဲခူးတိုင်း အနောက်ခြမ်းကို စိုးမိုးမှု အများကြီးရဖို့ ကျနော်တို့ဆက်လက်လုပ်ဆောင်သွားမှာပေါ့။ အဓိကကတော့ ထိရောက်တဲ့ စစ်ဆင်ရေးတွေကို ပိုလုပ်ဖြစ်သွားမှာပေါ့” ဟု သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၂)လက်အောက်ခံ တပ်ရင်းများဖြစ်သော သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း၏ တပ်ခွဲ(၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force(ACDF) မဟာမိတ် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကား ၁ စီးကိုလည်း တော်လှန်ရေး ပူး‌‌ပေါင်းတပ်က တားစီးခဲ့သော်လည်း ဆက်လက်မောင်းနှင်သွားသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင်လည်း ဖားလေးကွင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၈၀ အရွယ် အဖွား ဒေါ်တင်ရီ သေဆုံးခဲ့ကြောင်းသိရသည်။

သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ ရဲကင်းစခန်း၊ လမ်းပိုင်းကင်းစခန်းများ

အနီး ဆိုင်ခန်းဖွင့် ဈေးရောင်းခြင်း ၊ အိမ်ဆောက်နေထိုင်ခြင်း ၊ အချိန်ကြာမြင့်စွာရပ်တန့် စကားပြောခြင်းများ မပြုလုပ်ကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ နယ်မြေလုံ‌ခြုံရေးအတွက် လိုအပ်၍ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို နားလည်ပေး၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း မှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article