28 C
Yangon

အင်းစိန်မီးရထားဒီဇယ်စက်ခေါင်းစက်ရုံအနီးရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့် စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်း

Must read

ရန်ကုန်၊ ဇွန် ၁၈

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်မီးရထားဒီဇယ်စက်ခေါင်းစက်ရုံအနီးရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့် စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်းနေသဖြင့် နေအိမ်များ ဖျက်သိမ်းနေရကြောင်း အိမ်ဖျက်ခံနေရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်းစိန်ဘူတာနှင့် ဒီဇယ် စက်ရုံတိုင်း ၇ နားရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့်ကို အကြမ်းဖက် စစ်တပ်က လာရောက်၍ အတင်းအဓမ္မ ဖျက်ခိုင်းနေပြီး မဖျက်ပါက မြေတူးစက်ကော်ကာ ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သဖြင့် ပြည်သူများမှာ ကိုယ့်အိမ် ကိုယ် ဖျက်နေကြရကြောင်း သိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား နေအိမ်များဖျက်ပေးရန်နှင့် ဇွန်လ ၂၀ ရက်နေ့အထိ အိမ်များ မဖျက်သေးပါက စစ်တပ်၊ ရဲခေါ်ယူကာ အင်အားသုံးနှိမ်နင်း ဖျက်ဆီးမည်ဖြစ်ကြောင်း၊ အင်အားသုံး၍ နေအိမ်များ ဖျက်သိမ်းရမည်ဆိုလျှင် မည်သည့် ပစ္စည်းမှ ယူခွင့်ပေးမည်မဟုတ်ကြောင်း၊ နေအိမ်များကို ဖျက်ရုံဖျက်ကာ ပစ္စည်းပုံထားသည့် အိမ်များကိုလည်း ဖမ်းဆီးထောင်ချအရေးယူမည်ဟု စစ်တပ်က ခြိမ်းခြောက် ကြောင်း သိရှိရသည်။

“အင်းစိန်ဘူတာနှင့် မြိုပတ် ဒီဇယ် စက်ရုံ တိုင်း ၇ နားက အိမ်တွေပါ။ စက်ရုံက စစ်တပ်ခေါ်ပြီး ဖျက်ခိုင်းတာ။ နေအိမ်တွေကတော့ မီးရထား ပင်စင်စားနေအိမ်တွေပါ။ အချိန် ၁ လလောက် ပေးဖို့ တောင်းဆိုတာမရဘူး။ ၂၁ ရက်နေ့ မနက် ၆နာရီ ၃၀ ဆိုရင် ဘယ်ပစ္စည်းမှ ယူခွင့် မရှိတော့ဘူးလို့ ပြောတယ်။ မဖျက်ရသေးတဲ့အိမ် ဖျက်ပြီး ပစ္စည်းတွေကို ပုံထားတဲ့ အိမ်တွေ့ရဲ့ ပိုင်ရှင်ကို အရေးယူမယ်ပြောတယ်”ဟု အိမ်ဖျက်ခံရသူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းတွင် ပြည်သူများနေအိမ်များကို အကြောင်းအမျိုးမျိုး ပြ၍ ဖျက်ဆီးပြီး စစ်တပ်ပိုင်အဖြစ် သိမ်းယူနေသည့် ဖြစ်စဉ်များစွာ ဆက်တိုက် ပေါ်ပေါက်လျက်ရှိကြောင်း ပြည်သူလူထု၏ ပြောဆိုချက်များအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article