ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးဘုန်းကြီးအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၇ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးက ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မှော်ဝမ်းကလေးကျေးရွာသည် အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ကျေးရွာ ဖြစ်ကြောင်း သိရသည်။
“ဒီညနေ ၃ နာရီ ၁၇ မိနစ်မှာ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဖားကန့်၊ မှော်ဝမ်း လေး ဘုန်းကြီးကျောင်းနားကို ဗုံးတစ်လုံးကျဲပြီး စက်သေနတ်တဲ့ ပစ်ခတ်သွားတာ။ ကလေး ၂ ဦး ထိ ခိုက် ဒဏ်ရာရတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အဲဒီမှော်ဝမ်းလေး နေရာမှာက လောလော ဆယ် စစ်ကောင်စီတပ်သားတွေ နေရာယူထားတာ၊ သူတို့စစ်ကောင်စီတပ်သားတွေ နေ ရာ ယူထားတဲ့ရွာကို ဗုံးလာကျဲသွားတာ၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းနှင့် ယမန်နေ့ ဇွန်လ ၁၈ ရက် ညပိုင်းတို့က မှော်ဝမ်းလေးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ပြီး ဖားကန့်တပ်မကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်မှုများ ရှိကြောင်း သိရသည်။
“ဒီရက်ပိုင်း ၁၇၊ ၁၈၊ ၁၉ တောက်လျှောက် တိုက်ပွဲတွေဖြစ်နေတယ်။ ဖားကန့် မှော်ဆီဇာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA ၊ KPDF တပ် ဖွဲ့တွေက တိုက် ခိုက်တာလည်းရှိတယ်ဆိုတော့ ဒီရက်ပိုင်းဖားကန့်မှာ တိုက်ပွဲ ၂ နေရာ အပြင်းအ ထန်ဖြစ်နေတယ်၊ မှော်ဆီဇာဘုန်းကြီးကျောင်းမှာရယ်၊ မှော်ဝမ်းလေးကျေးရွာမှာ ရယ်ပေါ့၊ လောလောဆယ်တော့ မှော် ဝမ်းကလေး၊ မှော်ဝမ်းကြီးကျေးရွာနေပြည်သူတွေက စစ်ဘေး ရှောင်နေကြရတယ်။ ဖားကန့်ပြည်သူ အားလုံး လည်း စစ်ရေးသတိအမြဲရှိကြဖို့ ပြောချင်ပါတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြော ဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မှော်ဆီဇာကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ကို KIA ၊ KPDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကံဆည်းဗျူဟာမှ G2 အဆင့်ရှိ ဗိုလ်မှူး ဖြိုးသက်ဇော် အပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်အခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းဦးဆောင် သော စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့သို့ ရောက်ရှိလာချိန်မှစ၍ ပြည်သူ ၃၀ ကျော်ကို ပစ်ခတ် သတ်ဖြတ်ထားသောကြောင့်ဖားကန့်မြို့နေပြည်သူများမှ စိုးရိမ်ထိန့်လန့်နေရကြောင်း သိရသည်။
