26 C
Yangon

မောတောင်-ထုံခါ လမ်းပိုင်းတွင် ၆ လကြာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က အရပ်သား ပြည်သူများကိုပါ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဇွန် ၁၉

တနင်္သာရီတိုင်း၊ မောတောင်-ထုံခါ လမ်းပိုင်းတွင် ၆ လကြာ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကိုပါ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေကြောင်း BLACK COBRA Column ကပြောဆိုသည်။

ဇန်နဝါရီ လပိုင်းမှ စတင်၍ ဇွန်လ ၁၈ ရက်နေ့ထိ တနင်္သာရီမြို့နယ်၊ KNU/KNLA တပ်ရင်း ၁၁ နယ်မြေအတွင်းရှိ မောတောင် နယ်စပ် တပ်စခန်းကို အကြမ်းဖက် စစ်တပ်က တပ်အချိန်းအပြောင်း ပြုလုပ်ရန်၊ မောတောင်-ထုံခါ လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန်နှင့် မောတောင် မြို့ရှိ ပျူစောထီးများအား လက်နက် တပ်ဆင် ပေးရန်အတွက် အကြမ်းဖက် စစ်တပ်က စစ်‌ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KNU/KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ပူးပေါင်း၍ ခုခံတိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်က အထိအခိုက် အကျဆုံးများစွာဖြင့် သိန်ခွန်းကျေးရွာ အနီးမှ ရှေ့သို့ ဆက်မတိုးနိုင်တော့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် မောတောင်-ထုံခါ လမ်းပိုင်း တလျှောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ၆ လကြာ စစ်ဘေးတိမ်းရှောင်နေရပြီး အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများကြောင့် ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများနှင့် တော်လှန်ရေးတပ်များ တပ်စွဲခြင်းမရှိ‌သော နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများပြုလုပ်ထားရန် BLACK COBRA Column က အသိပေးနှိုးဆော်ထားသည်။

အကြမ်းဖက် စစ်တပ်၏ ၆ လတာ ထိုးစစ်အတွင်း ချောင်းနှစ်ပေါက်ရွာနှင့် သိန်ခွန်းကျေးရွာတို့သည် စစ်ဘေးဒဏ်အများဆုံး ခံစားခဲ့ရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများ အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းကြီး ကျောင်းများနှင့် တိုက်အိမ်များတွင် ယာယီတပ်စခန်းများအဖြစ် အခိုင်အမာ တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကျေးရွာများတွင် အရပ်သား ပြည်သူများ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသောကြောင့် ကျေးရွာနေ ပြည်သူများသည် စစ်ဘေးဒဏ်ကြောင့် လူမှုရေး ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများလည်း ထိခိုက်မှု ပိုမို ခံစားနေရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ကို KNU/KNLA တပ်ဖွဲဝင်များ နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက အစွမ်းကုန်ကြိုးပမ်း တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း BLACK COBRA Column က အသိပေးထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article