ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဖားလေးကွင်းမြောက်စုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ရီ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌားနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မင်းလှမြို့နယ်၊ တာကလေးရွာ ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဂန့်ဂေါ်ပင်ကျေးရွာအုပ်စုရှိ ဖားလေးကွင်းမြောက်စုရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၀ ကျော် အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်တင်ရီ ခြေထောက်ပြတ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မွေးစားသမီးဖြစ်သူ စိတ်ရောဂါ ခံစားနေရသည့် မခိုင်သင်းကြည်လည်း လက်ချောင်း ၃ ချောင်းပြတ်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တာကလေးရွာ ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတဲ့ စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၁ လုံး ဖားလေးကွင်းမြောက်စုရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်တင်ရီ ခြေထောက်ပြတ်ပြီး ပွဲချင်းပြီး သေဆုံးတယ်။ ဆရာမကြီးရဲ့ မွေးစားသမီး စိတ်ဝေဒနာသည် မခိုင်သင်းကြည်လည်း လက်ချောင်း ၃ ချောင်းပြတ်ပြီး ပြင်းထန်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


