တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း ကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၈ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းထံ လက်နက်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိသည်။
“ကျွန်တော်တို့ရဲဘော်တွေဆီ ထွက်ပြေးအလင်းဝင်လာတာပါ။ လက်ရှိ လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာထားရှိပြီး လုပ်ထုံးလုပ်နည်းနဲ့အညီဆက်လက်ဆောင်ရွက်နေပါတယ်။ လက်နက်မပါတဲ့အတွက် ထိုက်သင့်သလောက်တော့အဆင်ပြေအောင်ဆောင်ရွက်ပေးမှာပါ။ နောက်ထပ်ဘက်ပြောင်းခိုလုံလာမယ့်သူတွေကို လက်နက်ပါယူဆောင်လာနိုင်ရင်ပိုပြီးအဆင်ပြေမှာပါ။ တကယ်အမြင်မှန်ရပြီးပြည်သူနဲ့ပူးပေါင်းမယ်ဆိုရင် လက်နက်ပါသည်ဖြစ်စေ မပါသည်ဖြစ်တွေ ကျွန်တော်တို့တပ်ရင်းဘက်က အမြဲကြိုဆိုလျှက်ပါ”ဟု People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထိုသို့ အလင်းဝင်ရောက်လာသော တပ်ကြပ်ကြီးသည် စစ်မှုထမ်း သက်တမ်း ၅ နှစ်ရှိပြီဖြစ်ကြောင်း၊ တပ်တွင်းရှိ အရာရှိများ၏ တစ်ကိုယ်ကောင်းဆန်ပြီး လက်အောက်ငယ်သားများအပေါ်ခွဲခြား ဖိနှိပ်ဆက်ဆံမှုများကို မခံနိုင်၍ ထွက်ပြေး အလင်းဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုခဲ့ကြောင်း People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦးသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်းခဲ့ကြောင်း ပကဖ အသံ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၁၈ရက်နေ့ ခန္တီးမြို့ အခြေစိုက် ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ ဦးသည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ခန္တီးမြို့နယ် ပကဖ အဖွဲ့ထံကို လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။
ပကဖ အဖွဲ့တွေဟာ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးကာ ရန်သူ့တပ်ဖွဲ့ဝင်တွေ ဆက်တိုက် အလင်းဝင်၊ လက်နက်ချလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပကဖ အသံအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

