မကွေးတိုင်း၊ ဆောမြို့တွင်း၊ ပြင်ချောက်နားနေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ လူနေအိမ် ၁ လုံးနှင့် စက်သုံးဆီပေပါအလုံး ၈၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ယောအလင်းတန်းမှ ကို အောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်အချိန် ဆောမြို့တွင်း ပြင်ချောက်နားနေရာကို စစ်ကောင်စီ ၏ တံတားဦးလေတပ်မှ တက်လာသော Y12 ထောက်ပို့လေ ယာဉ်က ဗုံး ၃ လုံးကျဲ တိုက် ခိုက်ခဲ့ရာ ဆီပေပါများ သိုလှောင်ထားသည့် ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲပြီး လူနေအိမ် တစ်လုံးနှင့် ဆီပေပါ အလုံး ၈၀ ခန့် မီးလောင်ပြာကျသွားကြောင်း သိရသည်။
“ဆောမြို့တွင်း နယ်နမိတ်ထဲနေရာပဲ၊ ဒေသအခေါ်ကတော့ ပြင်ချောက်နားလို့ ပြောလို့ရတယ်။ ဘာ တိုက်ပွဲမှမရှိဘဲနဲ့ ကျဲချသွားတာပါ၊ အိမ်တွေက မီးကူးစက်တာ မရှိပါဘူး။ ခြံထဲမှာ ယာယီဆောက်ထားတဲ့ တဲတစ်လုံးနဲ့ ဆီပေပါတွေ မီးလောင်သွားတာပါ၊ ဆီပေပါက ၈၀ ကျော်လောက်ရှိမယ်။ တခြား နေအိမ်တွေ လောင်တာ မရှိပါဘူး။ တစ်ကြိမ်တည်းဗုံး ၃ လုံးချသွားတာ၊ လူထိခိုက်မှုကတော့မရှိပါဘူး။” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ဘက်ခြမ်းကိုလည်း အဆိုပါ Y12 ထောက်ပို့လေယာဉ်ဖြင့် ၁၀ ကြိမ်ခန့် ဗုံးကျဲခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။


