မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ကာကင်းစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) ၏ ကာကင်း စခန်းဖြစ်သော ခွန်ဇူရွာ လမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ဝင်ရောက် တိုက်ခိုက်မှုသည် အချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား စခန်းစွန့်ခွာထွက်ပြေးကာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးမိကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး CDF Asho မှ တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA အမျိုးအစား လက်နက်ငယ် ၅ လက် ၊ BA 100 စိန်ပြောင်း ၁ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဓိကတော့ မိမိတပ်စခန်း စွန့်ခွာပြီး ထွက်ပြေးကြသူတွေ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေကို မယုံကြည်ရဲတဲ့ အတွက် ခြေဦးတည့်ရာပြေး မြေပြန့်ဘက် ရောက်ချိန် စကစဘက်က ပြန်မိ ရှေ့တန်းပြန်ပို့ခံရ ဒီလိုမျိုး သံသရာလည်နေမယ့် အစား မိမိအသက် လုံခြုံမှု မိမိဘဝ စစ်ကောင်စီ လက်အောက် လွတ်မြောက်နိုင်ဖို့ အမြန်ဆုံး အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) ၊ လူ့ဘောင်သစ်တပ်မတော် (NSA) နှင့် အရှိုချင်းကာကွယ် ရေးတပ် ( ACDF ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦးကို ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၄ ရက်ထိ တော်လှန်ရေး တပ်ဖွဲ့များ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MA – 1 သေနတ် ၃ လက်၊ MA – 3 သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


