တနင်္သာရီတိုင်း၊ မြိတ်မှ တနင်္သာရီ ဘက်သို့ ဦးတည်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၈ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိတ် မှ တနင်္သာရီ သို့ ဦးတည်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၈ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကမ်းတိုရွာ နှင့် ကော့မပြင်းရွာ လမ်းပိုင်း ၂ နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကား ၂ စီးပျက်စီးကာ စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မြိတ်ကနေ တနင်္သာရီ ဘက်ကို ဦးတည်လာတဲ့ စစ်ခွေးကား ၈ စီးပါ ယာဉ်တန်းကို ကမ်းတိုရွာ အကြားနဲ့ ကော့မပြင်းရွာ လမ်းပိုင်း ၂ နေရာမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေးကား ၂ စီး ပျက်စီးတယ်။ ထိခိုက် ဒဏ်ရာ ရရှိသူ များပြားပါတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ မှ ဇုန် ၅ ၊ ဇုန် ၃ နှင့် ကျားနက်တပ်စိတ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
