30.5 C
Yangon

ဖြူးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်မတည့်၍ စစ်မှုထမ်းအဖြစ် သွပ်သွင်းခံရသော တပ်သားသစ် ထက် မြက်ဝင်း KNLA ထံတွင် အလင်းဝင်၊ အလင်းမဝင်မီ စစ်အရာရှိက ရိုက်နှက်သဖြင့် နားမှ သွေးကျသည်အထိ အရိုက်ခံခဲ့ရ

Must read

ရန်ကုန်၊ ဇွန် ၂၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် မတည့်၍ စစ်မှုထမ်းအဖြစ် သွပ်သွင်းခံရသော တပ်သားသစ် ထက် မြက်ဝင်းသည် အောင်ဇေယျစစ်ကြောင်း၊ ခမရ ၃၃၈ ထံတွင် တာဝန်ကျနေရာမှ KNLA ထံတွင် အလင်းဝင်လာကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ၊ ဗိုလ်ချုပ်ရပ်ကွက်၊ ၃၆ လမ်းတွင် နေထိုင်သော မောင်ထက်မြက်ဝင်းသည် ရပ် ကွက် အုပ်ချုပ်ရေးမှူးနှင့် မတည့်သောကြောင့် စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းကျောင်းသို့ အပို့ခံရကြောင်း၊ ယင်းနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အောင်ဇေယျစစ်ကြောင်း၊ ခမရ ၃၃၈ ထံသို့ ပို့ဆောင်ခံရကြောင်း သိရှိရသည်။

“တပ်ထဲရောက်တာတော့ ပေါ်တာဆွဲခံရတာ။ ဘာကြောင့် ဖမ်းရသလဲဆိုတော့ ကျနော်နဲ့ ကျနော့်မိသားစုကို အုပ်ကြီးက မကြည်ဖြူတော့ ကျနော့်ကို ထည့်တယ်။ အုပ်ကြီးက ပိုက်ဆံရတော့ အကုန်ထည့်တယ်။ အဲဒါကြောင့် ကျနော် တပ်ထဲ ရောက်ရှိလာတာ” ဟု အလင်းဝင်တပ်သားသစ် ထက်မြက်ဝင်းက ပြောဆိုသည်။

စစ်တပ်ထံမှ ထွက်ပြေး၍ အလင်းဝင်လာရခြင်းမှာ စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုများအပြင် နားထဲမှ သွေးကျသည်အထိ ရိုက်နှက်ခံရကြောင်း၊ စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း အလွန်ဆိုးဝါးကြောင်း ပြောဆိုသည်။

“သူတို့ ပိုက်ဆံရဖို့အတွက်ပဲ ကျန်တဲ့ အောက်လက်ငယ်သားကို ဘာတစ်ခုမှ မကြည့်ဘူး။ အခုကြည့်ကြည်လိုက် ပေါ်တာဆွဲတယ်။ ညှဉ်းပန်းနှိပ်စက်တယ် ပြည်သူလူထုကို။ တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်းတွေ သိပ်ရှိတာပေါ့။်ကျနော်တို့ ထမင်းစားနေရင်တောင် ထမင်းခဏခဏ စားလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး ရိုက်နှက်တယ်။ ပထမတစ်ခေါက် ကျနော့်ကို ရိုက်တဲ့နေ့က နားထဲ သွေးတွေပါ ကျတယ်။ အခု (မေလ) ၂၅ ရက်နေ့ နံနက်ခင်းပိုင်း ပြေးမယ့်နေ့ နံနက်ခင်းပိုင်း ကျနော့်ကို ကင်းစောင့်တာ ဟိုကြည့် ဒီကြည့်မလုပ်ဘဲနဲ့ ဘာတွေ လုပ်နေတာလဲဆိုပြီး တစ်ချက်ထိုးတာ နှုတ်ခမ်းပါကွဲသွားတယ်။ ကျနော့်ကို ကြီးနိုင်ငယ်ညှင်းလုပ်တာတော့ အဲဒီမှာ ဆရာတွေက ထိုးတယ် ကြိတ်တယ်” ဟု အလင်းဝင်တပ်သားထက်မြက်ဝင်းက ဆိုသည်။

စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းတပ်သားသစ်မှာ ဖိနှိပ်ခံနေရပြီး အလင်းဝင်လျှင် ခေါင်းဖြတ်သတ်ခံရမည်ဟု စစ်တပ်က တပ်အတွင်း ဝါဒမှိုင်းလိမ်လည်တိုက်ထားကြောင်း၊ ထို့ကြောင့် စစ်တပ်လက်အောက်တွင် စစ်မှုထမ်းနေကြသော တပ်သားသစ်များအနေဖြင့် အလင်းဝင်ကြရန် ၎င်းက တိုက်တွန်းသည်။

“အာဏာရူးအောက်မှာ ဘာမှ မဟုတ်ဘဲ ဖိနှိပ်ခံပြီး နေမယ့် အတူတူတော့ ဒီဘက်မှာ အလင်းဝင်ရောက်ဖို့ ပြောချင်တယ်။ သူတို့ရဲ့ ဝါဒဖြန့်တဲ့ လူသတ်ခြင်း၊ ခေါင်းဖြတ်ခြင်းဆိုတဲ့ဟာတွေက တကယ်အမှန်တော့ ဒီဘက်ထဲမှာ ဘာတစ်ခုမှ မလုပ်ဘူး နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတယ်” ဟု အလင်းဝင်တပ်သားသစ် ထက်မြက်ဝင်းက ပြောဆိုသည်။

ယမန်နှစ်တွင် စစ်ကောင်စီက မြ၀တီမြို့ကို ပြန်လည် သိမ်းပိုက်ရေးအတွက် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးစီး၍ ဖွဲ့စည်းကာ တိုက်ခိုက်နေသော်လည်း ယခုအချိန်အထိ မြ၀တီမြို့သို့ မရောက်ရှိနိုင်ဘဲ သေဆုံးသူများပြားခြင်းနှင့် အလင်းဝင်သူများဖြင့်သာ အောင်ဇေယျစစ်ဆင်ရေးမှာ မရှုမလှ ရှုံးနိမ့်ကြောင်း KNU သတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article