ရန်ကုန်၊ ဇွန် ၂၄
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါသိုင်းချောင်းမြို့၊ ဇီရိုးစမ်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အဆိုပါကျေးရွာမှ ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ စက်စက်ယိုကျေးရွာအနီးရှိ ဇီရိုးစမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဇီရိုးစမ်းကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံးပြီး အခြား ပြည်သူ ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“လက်နက်ကြီးပစ်ခတ်လို့ သံဃာတော် ၁ ပါး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးပါတယ်။ ဇီရိုးစမ်းကျေးရွာ ရွာခံတွေပါ။ နောက်ထပ် လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်။ AA နဲ့ PDF တွေ ရောက်နေပြီ ဆိုပြီး စစ်တပ်က လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ နှင့် လေးမျက်နှာမြို့နယ်အတွင်းတွင် စက်တပ်လေထီးများဖြင့် ပျံသန်းကင်းထောက်ခြင်း၊ ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ Y 12 လေယာဉ်များဖြင့် ကင်းထောက်ခြင်းများကို စစ်တပ်က အမြဲမပြတ် လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
AA နှင့် PDF ပူးပေါင်းတပ်များမှာလည်း လေးမျက်နှာမြို့နယ်မှတစ်ဆင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာများအတွင်းသို့ ရောက်ရှိလာပြီး ယင်းဒေသများမှ လူငယ်များမှာလည်း AA နှင့် PDF အတွင်းသို့ ဝင်ရောက်သွားမှုများရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“ပုသိမ်-မုံရွာကားလမ်းအနောက်ဘက်ခြမ်းရွာတွေက လူငယ်တွေ တော်တော်များများက PDF နဲ့ AA ဘက်ကို ပြေးကြတယ်။ မြို့ပေါ် စစ်ရှောင်ရင်လည်း စစ်မှုထမ်းအဖြစ် အဖမ်းခံရမှာစိုးလို့ အဲဒီဘက်ကိုပြေးကြတာ။ အခုက ငါးသိုင်းချောင်းမြို့အပိုင်ထဲမှာ ပါတဲ့ ရွာတွေလည်း စစ်ပြေးကုန်ကြပြီ။ စက်စက်ယိုကျေးရွာနဲ့ ကက္ကူကြီးကျေးရွာ အုပ်စုထဲမှာပါတဲ့ ရွာတွေမှာလည်း အကုန်စစ်ဘေးရှောင်ကြပြီ။ AA နဲ့ PDF ထိုးစစ်ကတော့ ရေကြည်ဘက်ကိုပါ တဖြည်းဖြည်း ကပ်လာနေတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ဧရာ၀တီတိုင်းအတွင်း AA ၏ ထိုးစစ်က တဖြည်းဖြည်း ရှေ့သို့ တိုးလာနေသော်လည်း စစ်ကောင်စီတပ်ကမူ မြို့ပေါ် ဒေသများကိုသာ အဓိကအခြေပြု၍ ခံစစ်ပြင်ဆင်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးမှု အရှိန်လျှော့လာကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
