26.6 C
Yangon

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ် ၁ ရပ်ကွက်တွင် စစ်မှုထမ်းရန် မဲနှိုက်ခိုင်းပြီး ဗလာမပါဘဲ လူငယ်အကုန် ပေါက်မဲရရှိ၊ အုပ်ချုပ်ရေးမှူး ရာဇာထွန်း၏ မိသားစုဆွေမျိုးများမှ လူငယ်များ စစ်မှုထမ်း မပါဝင်

Must read

ရန်ကုန်၊ ဇွန် ၂၄

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ် ၁ ရပ်ကွက်တွင် စစ်မှုထမ်းရန် မဲနှိုက်ခိုင်းပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော လူငယ်များအားလုံး ဗလာမပါဘဲ အကုန်ပေါက်မဲရရှိကြောင်း မဲနှိုက်သည့် လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရာဇာထွန်းက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအားလုံးကို စစ်မှုထမ်းရန်အတွက်ယနေ့ မဲနှိုက်ရန် ဆင့်ခေါ်ထားပြီး ဗလာမပါကြောင်း၊ ပေါက်မဲအားလုံးစီစဉ်ထားသည်ဟု အသိပေးလာကြောင်း သိရှိရသည်။

“အသက် ၁၈ ကနေ အသက် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေ အကုန်။ ကျန်းမာရေး မကောင်း သူတွေပါ မဲနှိုက်ခိုင်းတာ။ စုစုပေါင်း မဲနှိုက်ရမယ့်လူ ၂၀၀ ကျော်တယ်။ အကုန်ပေါက်မဲပဲ” ဟု ထူးကြီးမြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှ လူငယ်တစ်ဦး၏ မိခင်က ပြောဆိုသည်။

စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်းကောင်း၊ စစ်မှုထမ်းခိုင်းရန် မဲနှိုက်ရာတွင်လည်း အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာဇာထွန်း မိသားစုနှင့်ဆွေမျိုးများမှ လူငယ်များ လုံး၀ မပါဝင်ဘဲ ကင်း လွတ်ခွင့်ရရှိနေကြောင်း သိရှိရသည်။

“အခုခေါ်လာတာက အပတ်စဉ် ၁ကနေ အပတ်စဉ် ၁၄ အထိ ရှိနေပြီ အုပ်ကြီးအမျိုးတွေ တစ်ဦးမှ မပါဘူး။ အပြင်က လူငယ်တွေပဲ စစ်မှုထမ်းအခေါ်ခံနေရတာ။ မဲနှိုက်ခိုင်းတော့လည်း အုပ်ကြီးအမျိုး မပါဘူး။ စစ်မှုထမ်းတော့လည်း အုပ်ကြီး အမျိုးမပါဘူး” ဟု မဲနှိုက်ရမည့် လူငယ်တစ်ဦးက ဆိုသည်။

စစ်မှုထမ်း မဲပေါက်ထားသည့် လူငယ် ၂၀၀ ကျော်ကို စစ်မှုထမ်း အပတ်စဉ်အလိုက် စီနီယာအတိုင်း ရှေ့နောက် စစ်မှုသွားရောက် ထမ်းရမည့် အချိန်ကာလကိုလည်း အုပ်ချုပ်ရေးမှူး ရာဇာထွန်းက စီစဉ်သတ်မှတ်နေကြောင်း၊ အုပ်ချုပ်ရေးမှူး ရာဇာထွန်း၏ ဆွေမျိုးများမှ အပ သန်းခေါင်စာရင်းပါ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအားလုံး စစ်မှုထမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မန္တလေးမှ မိခင်တစ်ဦးက သားဖြစ်သူကိုယ်စား မဲနှိုက်ပေးရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article