မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်မှ ရေခပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် မြို့သာစက်မှုဇုန်မှ ရေခပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး G3 သေနတ် ၁ လက်ကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“ရေခပ်ဖို့လာတဲ့ စစ်ခွေးတွေကို စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၆ ကောင်သေပြီး သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ငါန်းဇွန်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
