မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ထိန်အိုင်ကျေးရွာ မြောက်ဘက်ကို အင်အား ၂ဝဝ ဝန်းကျင်ပါ စစ်ကား ၉ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ဝိုင်ဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ဝန်းကျင်ခန့် ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူများနှင့် စစ်သား မသာအလောင်းများကို အိမ်စီးကားများဖြင့် မကွေး စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပွင့်ဖြူမြို့နယ် -ပ.က.ဖ (ပွင့်ဖြူ) နှင့် Pwint Phyu Defense Force – ပွင့်ဖြူကာကွယ်ရေးတပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
