25.5 C
Yangon

ဘယ်လာရုစ်က မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထား၊ မြန်မာစစ်ဘက် ဝန်ထမ်းများအားလည်း လေ့ကျင့်သင်ကြားပေးနေ

Must read

ရန်ကုန်၊ ဇွန် ၂၈

အာဏာရှင် လူကာရှန်ကို ဦးဆောင်သည့် ဘယ်လာရုစ်အစိုးရသည် မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ရောင်းချထားပြီး၊ မြန်မာစစ်ဘက်ဝန်ထမ်းများအား ဘယ်လာရုစ်တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးနေကြောင်း Justice For Myanmar (JFM) အဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာ့လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဘယ်လာရုစ် အာဏာပိုင်များအကြား ပေးစာများအရ ဘယ်လာရုစ်အာဏာပိုင်များသည် မြန်မာ့စစ်အုပ်စုအတွက် လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာ၊ မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာများ လွှဲပြောင်းပေးထားသည့် အထောက်အထားများ ရရှိထားကြောင်း Justice For Myanmar ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်အတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသော အဆိုပါ လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ်ကို ဘယ်လာရူစ်နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT) မှတဆင့် မြန်မာစစ်တပ်ထံ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘယ်လာရုစ်အစိုးရနဲ့ မြန်မာစစ်အုပ်စုအကြား အရေးပါသော စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အထောက်အထားအသစ်များလည်း တွေ့ရှိထားကြောင်း JFM ကဆိုသည်။

အဆိုပါလေကြောင်းကာကွယ်ရေးစနစ်သည် တော်လှန်ရေးအင်အားစုများ အသုံးပြုနေသော ဒရုန်းများ အပါအဝင် ဝေဟင်ရှိအရာဝတ္ထုများအား ရှာဖွေနိုင်ပြီး၊ ပစ်မှတ်များအား အလိုအလျောက် ခြေရာခံလိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ် နှင့် Vostok သုံးဘက်မြင် ရေဒါနည်းပညာများ ပါဝင်သည်ဟုလည်း JFM ကဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုအထောက်အထားသစ်တွေအရ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲပြီး၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပစ်ပေး အရေးယူခံရခြင်း စိုးစဥ်းမရှိပဲ ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် ဘယ်လာရုစ်နိုင်ငံက ဆက်ပြီးပံ့ပိုးကူညီနေတာကို ပြသနေပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုမှာ ဘယ်လာရုစ်နိုင်ငံရဲ့ ပံ့ပိုးမှုတွေရှိတာကို သိရှိထားပြီး ဖြစ်တဲ့အတွက် မြန်မာစစ်အုပ်စုနဲ့ ဘယ်လာရုစ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်း အရေးတကြီးနဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်သင့်ပါတယ်” ဟုထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် စစ်ကောင်စီ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများနှင့် ဆက်နွှယ်နေသော မြန်မာစစ်ဘက်ဝန်ထမ်းများသည် Belarusian State University of Informatics and Radioelectronics (BSUIR) တွင် လေကြောင်းကာကွယ်ရေး စနစ်များအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်းနီးယားရင်းပညာရပ်များ သုတေသနပြု သင်ယူလေ့လာနေသည်ဟုလည်း JFM ကဆိုသည်။

မြန်မာစစ်ဘက် ဝန်ထမ်းများအား ဘယ်လာရူစ်မှ လေ့ကျင့်သင်ကြားပေးနေခြင်းနှင့် ပတ်သက်၍ မရာတနာမောင်က-

“မြန်မာစစ်ဘက်ဝန်ထမ်းတွေကို လက်ခံထားတဲ့ တက္ကသိုလ်တွေအပါအဝင် ဘယ်လာရုစ်အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ပါ။ ဘယ်လာရုစ်နိုင်ငံကတဆင့် မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု မှန်သမျှ တားဆီးဟန့်တားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။

ဘယ်လာရုစ်နိုင်ငံသည် မြန်မာစစ်အုပ်စုနှင့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံကြား အပြန်အလှန် အဆင့်မြင့် ချစ်ကြည်ရေးခရီးစဉ်များ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ်အတွင်းတွင်တော့ စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ကာ အာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကို အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဘယ်လာရုစ် စစ်ဘက်အင်ဂျင်နီးယားရင်း နှင့် စစ်လက်နက်စက်ရုံများမှကိုယ်စားလှယ်များ အပါအဝင် ဘယ်လာရူစ် ကိုယ်စားလှယ်များသည်လည်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ကြောင်း JFM ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article