ရန်ကုန်၊ ဇွန် ၂၉
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ရိက္ခာလာပို့သည့် စစ်ယာဉ်တန်း ရှေ့ဆက် သွားနိုင်ရန် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲနေ၍ ကျေးရွာ ၂၅ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၇ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်နေ၍ လက်ရှိချိန်ထိ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ပိတ်ဆို့ခံထားရကြောင်း သိရသည်။
ထို ရိက္ခာပို့ စစ်ယာဉ်တန်း ဆက်လက် ထွက်ခွာနိုင်ရန်အတွက် အကြမ်းဖက် စစ်တပ်က လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို ဂျက်ဖိုက်တာ ၊ Y- 12 ၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ကျေးရွာပေါင်း ၂၅ ရွာမှ ၁ သောင်းကျော်သည် ၁ လနီးပါးကြာသည်အထိ နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များ အတွင်း စစ်ဘေး တိမ်းရှောင်နေရပြီး အချိန်ကာလ ကြာမြင့်လာသည့်အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လာကြောင်း သိရသည်။
“ပြည်သူတွေက တိမ်းရှောင်လာရတာကြာပြီဆိုတော့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်လာတာပေါ့။ တိမ်းရှောင်နေရတာလည်း ၁ လကျော်လောက်ဖြစ်ပါပြီ နောက်ပြီး စစ်တပ်ကလည်း ဂျက်ဖိုက်တာ ၊ Y- 12 နဲ့ စက်တပ်လေထီးတွေ သုံးပြီး လေကြောင်း တိုက်ခိုက်မှုကလည်း နေ့စဉ် ပြုလုပ်နေတယ်” ဟု ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများ၊ သာသနာ့ အဆာက်အဦးများနှင့် စစ်ရှောင်ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးလည်း သေဆုံးခဲ့ကြောင်း ကမ္မဒေသ တော်လှန်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုထားသည်။



