မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရွာ ပြည်စိုးအောင်ရပ်ကွက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၃လုံးပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁နာရီ ၅၀မိနစ်ခန့်အချိန် စဉ့်ကူးမြို့နယ် လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်သို့ အကြမ်းဖက်စစ်တပ်က တံတားဦး တက်ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်၄၀အရွယ် အမျိုးသမီးတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး ရုပ်အလောင်း မကျန်ရှိခဲ့ဘဲ အရိုးနှင့်အသားစ များသာကျန်ရှိခဲ့ကြောင်း၊ နေအိမ်အဆောက်အဦး ၃လုံးပျက်စီးခဲ့ကြောင်းသိရပါသည်။
” ဗုံးကျဲမှုကြောင့် သေဆုံးတဲ့ အမျိုးသမီး ၁ ဦးရှိတယ်။ နေရာကတော့ ပြည်စိုးအောင်ရပ်ကွက်ကပါ။ နေအိမ်ကတော့ အဆောက် အအုံ ၃လုံး ပျက်စီးတယ်။ တိုက်ပွဲ လုံး၀မဖြစ်ဘူး။ အဲဒီဘက်က ကျနော်တို့ ထိန်းချုပ် နယ်မြေ။ အဓိကတော့ ပြည်သူတွေ အနေနဲ့ စကစရဲ့ ပြောစကားတွေကို မယုံကြည့်ဘဲနဲ့၊ စကစနဲ့ ဝေးရာနေမှာနေဖို့ရယ် ပြီးတော့ စကစ ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ရယ်။ ပြီးတော့ ကျနော်တို့ လေကြောင်းရန် ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတွေ ခိုင်ခိုင်မာမာ တူးကြဖို့ရယ် အဓိကတော့ အဲဒါမှာချင်ပါတယ် “ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁ လလုံး ငလျင်ဘေးပြန်လည်ထူထောင်ရေးအကြောင်းပြ၍ အပစ်အခတ်ရပ်စဲထားမည်ဟု ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းရှိ ၎င်းလက်လွှတ်ဆုံးရှုံးထားသော နယ်မြေများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ဆိုသလို မရပ်မနားလုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ပြောဆိုထားသည်။


