28.4 C
Yangon

ညောင်တုန်းတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ခေါ်) ပျူစောထီးများက အကြောင်းမဲ့ အရပ်သားပြည်သူ ကိုအောင်လွင်ကို ဓားဖြင့်၀ိုင်းခုတ်ပြီး ရိုက်နှက်၊ စစ်တပ်နှင့်ရဲကလည်း ဓားခုတ်ရိုက်နှက်သူများကို အရေးမယူ

Must read

ရန်ကုန်၊ ဇွန် ၃၀

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်တွင် ပျူစောထီး (ခေါ်) ပြည်သူ့စစ်များက အရပ်သားပြည်သူ ၁ ဦးဖြစ်သော ကိုအောင်လွင်ကို ဓားဖြင့် ဝိုင်းဝန်းခုတ်ဖြတ်၍ ကိုအောင်လွင်မှာ အပြင်းအထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရကာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇွန်လ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန် ညောင်တုန်းမြို့ အမှတ် ၆ ရပ်ကွက်၊ နေအိမ်တွင် ကိုအောင်လွင်တို့ ဇနီးမာင်နှံ ၂ ဦး စကား ပြောနေစဉ် သူခိုး ဆိုသော အော်သံကြား၍ နေအိမ်အောက်ထပ်သို့ ဆင်းကြည့်ရာတွင် ပျူစောထီး ဗိုလ်ချစ်က အိမ်ပိုင်ရှင် ကိုအောင်လွင်၏ မျက်နှာကို ဓားဖြင့် ခုတ်ကြောင်း၊ ထပ်မံ၍ နောက်ထပ် ရောက်ရှိလာသည့် ပျူစောထီးများကလည်း အိမ်ပိုင်ရှင် ကိုအောင်လွင်ကို နံပါတ်တုတ်များ၊ ရဲဒင်းများ၊ ဓားများဖြင့် ထပ်မံဝိုင်းခုတ်ကြကြောင်း သိရှိရသည်။

“အဖွဲ့လိုက် ကိုအောင်လွင်ကို ဓား၊ ရဲဒင်း၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာ ကိုအောင်လွင် မအူပင်ဆေးရုံမှာ အတွင်းလူနာဖြစ်နေတယ်။ ကိုအောင်လွင်က သူ့အိမ်ကို သူခိုးကပ်တာလားဆိုပြီး ဆင်းကြည့်ချိန်မှာ ပျူစောထီးအဖွဲ့တွေက ၀ိုင်းခုတ်တာ။ အဲဒီဓားနဲ့ခုတ်တဲ့ ပျူစောထီးတွေကို ညောင်တုန်းမြို့ရဲစခန်းကလည်း အမှုဖွင့် အရေးယူတာမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အရပ်သားပြည်သူ ကိုအောင်လွင်ကို ဓား၊ ရဲဒင်း၊ နံပါတ်တုတ်များဖြင့် အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများမှာ ပျူစောထီး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချစ်၊ သန်းစိုး၊ ဘုန်းငို ခေါ် ဇော်မင်းအောင်၊ ရာဇာမင်း၊ စိန်ကုလား၊ ဇင်ဦး၊ နိုင်လင်း၊ အောင်ဇော်ထက်၊ ဇင်ထက်ကို၊ ကရင်ကြီး၊ သန့်ဦး၊၊ စိုးသိမ်း၊ မြင့်မောင်၊ ငမဲ ၊ ကျော်သန်း၊ အောင်ကိုမင်းတို့ အဖွဲ့ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ညကြီးအချိန်မတော် အရပ်သားပြည်သူ တစ်ဦးရဲ့ နေအိမ်ကို ပျူစောထီးတွေက သွားကပ်တာက ပစ္စည်းခိုးဖို့ဖြစ်နိုင်တာပဲ။ အိမ်ရှင်က တွေ့တော့မှ ၀ိုင်းရိုက်နှက်တာမျိုးလို့ ယူဆရတယ်” ဟု ညောင်းတုန်းမှ အခြားပြည်သူတစ်ဦးက ဆိုသည်။

ပြည်သူ့စစ်(ခေါ်) ပျူစောထီးအဖွဲ့များမှာ အကြမ်းဖက်စစ်တပ်က လက်သပ်မွေးထားသော လက်ကိုင်တုတ်တပ်ဖွဲ့များဖြစ်ပြီး ယင်းအဖွဲ့များက ကျူးလွန်သော ပြစ်မှုများနှင့် ရာဇဝတ်မှုများကို စစ်တပ်၏ သဘောတူညီမှု မရဘဲ နယ်မြေခံ ရဲတပ်ဖွဲ့များက အရေးယူရန် ခက်ခဲနေကြောင်း ရဲသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article