28.2 C
Yangon

ရွေးကောက်ပွဲဝင်လိုသည့် စစ်ဘက်နှင့်အရပ်ဘက် အရာရှိကြီးများစာရင်း မင်းအောင်လှိုင်က တောင်းခံထားပြီး ကြံ့ဖွတ်ပါတီနှင့် ချိတ်ဆက်ရမည်ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁

အကြမ်းဖက် စစ်ကောင်စီက မကြာမီ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒပြုလိုသည့် စစ်ဘက်နှင့် အရပ်ဘက် အရာရှိကြီးများစာရင်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းခံထားပြီး ရွေး ကောက်ပွဲဝင်ရန် ဆန္ဒပြုသူများသည် လက်ရှိရာထူးတာဝန်များမှ အနားယူရမည်ဖြစ်ကာ ရွေးကောက်ပွဲအတွက် ကြံ့ဖွတ်ပါတီနှင့်ချိတ်ဆက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုနှစ်မေလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ်ကုန်ပိုင်း ကျင်းပရန် စီစဉ်နေသည့် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒပြုလိုသည့် စစ်ဘက်နှင့်အရပ်ဘက် အရာရှိကြီးများစာရင်းကို တောင်းခံနေခြင်းဖြစ်ပြီး စစ်တပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီးများ၊ အရန်အင်အားစာရင်းတွင် ပါဝင်နေသည့် ဗိုလ်ချုပ်များကို ရွေးကောက်ပွဲဝင်ရန် ဆန္ဒပြုလိုခြင်း ရှိ၊ မရှိ သဘောထား ဆန္ဒရယူ စာရင်းပြုစု တင်ပြခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အရပ်ဘက်တွင်လည်း လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အကြံပေးပုဂ္ဂိုလ်များ အနေဖြင့်လည်း ရွေးကောက်ပွဲတွင် ပါဝင်ရန် ဆန္ဒပြုလိုခြင်း ရှိ၊ မရှိ သဘောထားဆန္ဒရယူ စာရင်းပြုစု တင်ပြခိုင်းနေကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဆန္ဒရှိရင် မိမိကိုယ်တိုင် ဆန္ဒပြုလို့ရပါတယ်။ တပ်မတော် ဗိုလ်ချုပ်ကြီးတွေအပြင် အရန်အင်အား စာရင်းဝင် ဗိုလ်ချုပ်တွေအထိ သဘောထားဆန္ဒ စာရင်းတောင်းတယ်လို့သိရတယ်။ အရပ်ဘက်မှာလည်း လက်ရှိ ဝန်ကြီးတွေ။ ဒုဝန်ကြီးတွေနဲ့ အကြံပေးပုဂ္ဂိုလ်တွေလည်း ရွေးကောက်ပွဲအတွက် ပါဝင်ချင်ရင် ဆန္ဒပြုလို့ရပါတယ်ဆိုပြီး သဘောထားဆန္ဒ တောင်းပါတယ်”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် ဆန္ဒပြုလိုသည့် စစ်ဘက်နှင့်အရပ်ဘက်အရာရှိကြီးများသည် ကြံ့ဖွတ်ပါတီနှင့် ချိတ် ဆက်ရမည်ဖြစ်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချထားပေးသည့် နေရာ၊ မဲဆန္ဒနယ်နှင့် ပါတီက ပေးအပ်မည့် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ တာဝန်ယူထားသော စစ်ဘက်နှင့် အရပ်ဘက် ရာထူးများမှ ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ် အလိုကတည်းက အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဦးသိန်းစိန် ခန့်အပ်ခဲ့သော ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ သန်းဌေးကို ဥက္ကဋ္ဌရာထူးတာဝန်မှ နုတ်ထွက်စေရန် ဖိအားပေးခဲ့ပြီး ၎င်း၏ လူယုံ ခင်ရီကို ဝန်ကြီးတာဝန်မှ အနားပေးကာ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ကြံ့ဖွတ်ပါတီဒုတိယဥက္ကဋ္ဌ ၁ အဖြစ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကိုလည်းကောင်း၊ ကြံ့ဖွတ်ပါတီ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကိုလည်းကောင်း မင်းအောင်လှိုင်က ခန့်အပ်စေခဲ့သည်။

ယင်းအပြင် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးကိုလည်း ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် နိုင်ငံတကာရေးရာ ကော်မတီ တာဝန်ခံအဖြစ် အသွင်ပြောင်းပြီး စစ်ဘက်ရာထူးတာဝန်မှ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့စေခဲ့သည်။

လက်ရှိ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီတွင် မင်းအောင် လှိုင်၏ လူယုံများက ထိပ်ပိုင်းရာထူးကြီးများကို သိမ်းပိုက်ထားသည်။

မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို ၄ ပတ်ကြာ ပြုလုပ်မည်ဖြစ်​ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article