စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိပ့်ရွာ ဘုန်းကြီးကျောင်းနှင့် မန္တလေးတိုင်း မတ္တရာရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်ရှိ သစ်ဆိပ့်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားသော်လည်း ကျောင်းဘုန်းကြီး ထိခိုက်မှုမရှိကြောင်းသိရသည်။
ယင်းနေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် မင်းကုန်းလေးရွာ သချိုင်းကုန်း အနောက်ပိုင်းရှိ လယ်တောထဲကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ သက်သက်ကြီး လာပစ်သွားတာပါ။ သစ်ဆိပ့် ဘုန်းကြီးကျောင်း ပစ်သွားတာ ဘုန်းကြီးကျောင်းပေါ်ကို ကျပြီး အဆောက်အဦး ပျက်စီးသွားပါတယ်။ ဘုန်းကြီးက ဘေးကင်းပါတယ်။ ဒုတိယ အကြိမ်ကတော့ မင်းကုန်းလေးရွာ သချိုင်းကုန်း အနောက်ဘက် လယ်တောထဲ ကျပါတယ်။ အထိခိုက် မရှိဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ခန့်ကလည်း မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ပြီး ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

