မကွေးတိုင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chauk Revolution Army – CRA တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ မြေပဒုံရွာနှင့် တေင်သာရွာ အကြား၌ စလေ မြို့နယ် အခြေစိုက် ခလရ ၄၁၆ မှ အင်အား ၈၀ ခန့်ဖြင့် တက်လာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ စစ်သား ၃ ဦးသေဆုံးကာ အရာရှိ ၁ ဦးအပါအဝင် ၁၅ ဦးခန့် အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး စစ်တပ် စစ်ကြောင်းသည် လေကြောင်းပစ်ကူ ၃ ကြိမ်ယူကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“ကပေါင်းတည်းဘက်ကနေ စလေဘက်ကို ပြန်ဆုတ်သွားတာ၊ သူတို့က စစ်ကြောင်း စထိုးလာတုန်းက စလေဘက်ကနေ စထွက်လာပြီးတော့ ကားလမ်းဘေး ရွာငယ်ကန်ကနေ ပခန်းငယ်တို့ဘက် တောက်လျှောက်စစ်ကြောင်းထိုးလာတာပေါ့၊ တောင်သာနားကျမှ ကျနော်တို့နဲ့စပြီး ထိတွေ့တိုက်ပွဲ ဖြစ်တာ၊ လေကြောင်းပစ်ကူက Y8 နဲ့ ၃ ခေါက်လာပစ်တယ်။ ရော့ကတ်တွေနဲ့ အလုံးပေါင်း ၁၅ လုံး လောက်တော့ ရှိပါတယ်၊ ဒဏ်ရာရတဲ့သူတွေကို သူတို့စစ်ကြောင်းပြန်ဆုတ်တဲ့အချိန်မှာ တစ်ခါတည်း ပြန်သယ်သွားတာ တွေ့ပါတယ်။ အရာရှိတစ်ယောက်ကိုတော့ ထမ်းစင်တွေဘာလုပ်ပြီး သယ်သွား တာတွေ့တယ်” ဟု Chauk Revolution Army – CRA တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ်တော်လှန်ရေး တပ် (CRA)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ် ရေး အဖွဲ့ (မြိုင်/ပေါက် ပကဖ) ၊ မကွေးခရိုင်တပ်ရင်း ၁ ၊ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) နှင့် ဒေသခံမဟာမိတ်တပ် ပေါင်းစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
