ရန်ကုန်၊ ဇူလိုင် ၅
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်၏ Y-12 လေယာဉ်များက ထီသဲလယ်စစ်ကောင်စီတပ်စခန်းအနီးသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ စစ်လေယာဉ်များက ဗုံး ၈ လုံးကျဲချခဲ့ကြောင်း၊ ယမန်နေ့တိုက်ပွဲအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဒီမနက်တော့ လေယာဉ်နဲ့ ဗုံးတွေ လာကျဲချသွားတယ်။ ဗုံးကျဲတာကတော့ ၈ လုံးလောက်ကျဲတယ်။ ပေါက်ကွဲသံ ၈ ချက်ကြားရတယ်။ တိုက်နေတာက ဝေါလေ၊ ဥကရစ်ထ၊ ထီသဲလယ် စခန်း ၃ ခုလုံးကို ပိတ်ဆို့ပြီး တိုက်နေတာ။ တစ်ပြိုင်နက်တည်း တိုက်နေကြတာ။ နှစ်ဖက် ပစ်ခတ်မှုတွေကတော့ တောက်လျှောက်ပဲ။ ဇူလိုင်လ ၃ ရက်နေ့ကတည်းက စပစ်နေကြတာ။ ဒရုန်းနဲ့ ဗုံးတွေလည်းကျဲတယ်” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော တိုက်ပွဲများကြောင့် မြန်မာစစ်ဘေးရှောင် အရေအတွက် ၃၀၀ ဝန်းကျင်မှာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းကလည်း မြန်မာစစ်ဘေးရှောင်များကို ကူညီပေးနေကြောင်း သိရှိရသည်။
မြန်မာဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တွင် စစ်ရေး အသင့်ပြင်ကာ စောင့်ကြည့်နေပြီး လက်နက်ခဲယမ်းအပြည့်အစုံ နေရာယူ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။
KNU က ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်ရန် စစ်ကောင်စီ တပ်စခန်း ၃ ခု သာ သိမ်းပိုက်ရရှိရန် ကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥကရစ်ထ၊ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း တို့ဖြစ်ကြောင်း သိရှိရသည်။
KNU က မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- ယခုနှစ် မေလအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်များက သိမ်းယူပြီး ကရင့်အမျိုးသားအလံ လွှင့်ထူနေစဉ်။
