အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော လူငယ်များကို စစ်မှုထမ်းရမည်ဟု အတင်း အကျပ် ခိုင်းစေနေသော်လည်း နေပြည်တော်မှ ဗိုလ်ချုပ်ကြီး ၂ ဦး၏ သားဖြစ်သူတို့မှာ စစ်မှုထမ်း စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်၊ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ သား ထက်ရဲနောင်တို့သည် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်တွင် အကျုံး ဝင်နေပြီး နေပြည်တော်တွင် နေထိုင်ကြသော်လည်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ စစ်မှုထမ်းရမည့် လူငယ်များ စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်၏ သား ၃ ဦးအနက်မှ အငယ်ဆုံးသားဖြစ်သော စည်သူထွဋ် မှာလည်း စစ်မှုထမ်းရမည့် အသက်အရွယ်တွင် အကျုံးဝင်နေသော်လည်း စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရှိရသည်။
အလားတူပင် နေပြည်တော်တွင် တာဝန်ထမ်းဆောင် နေထိုင်ကြသည့် စစ်တပ်မှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူး ကြီးအဆင့်ရှိ စစ်အရာရှိကြီးများ၏ သားများ၊ ဆွေမျိုးတော်စပ်သော တူသားများမှာ နေပြည်တော် သန်းခေါင် စာရင်းဝင်များဖြစ်ကြောင်း၊ သို့ရာတွင် သန်းခေါင်စာရင်းကို အခြေခံ၍ ပြုစုထားသော စစ်မှုထမ်းရမည့်လူငယ်များစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း၊ စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားခြင်းမဟုတ်ဘဲ သန်းခေါင်စာရင်းကို အခြေခံကောက်ခံသော စစ်မှုထမ်းစာရင်းတွင်ပင် ၎င်းတို့ကို စစ်မှုထမ်းရမည့်သူများအဖြစ် ထည့်သွင်းထားခြင်းမရှိကြောင်း သိရှိရသည်။
” စစ်ဘက်၊ အရပ်ဘက် ဌာနအကြီးအကဲတွေနဲ့ အရာရှိ သားတွေက စစ်မှုထမ်း ကင်းလွတ်ခွင့်ရထားတာမျိုးတော့မဟုတ်ဘူး။ စစ်မှုထမ်း စာရင်းထဲမှာကို မပါတာ၊ မထည့်ထားတာ” ဟု နေပြည်တော်စစ်မှု ထမ်း ဆင့်ခေါ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။
စစ်အုပ်စုက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် ကင်းလွတ်ခွင့်ရရှိသူများအဖြစ် သာသနာ့ဝန်ထမ်းများ၊ အိမ် ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများဟု ပြဋ္ဌာန်းထားသည်။
အလားတူ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင်မူ စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသူများအဖြစ် အသေးစိတ် ထပ်မံဖော်ပြထားရာတွင် သာသနာ့ဝန်ထမ်းများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှု ထမ်းရန် မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့် ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မမီခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ၊ ဆေးစစ်ဆေးချက်အရ စိတ်ပေါ့သွပ်နေသူဖြစ်ခြင်း(သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ၊ နိုင်ငံအတွက် တာဝန်ထမ်းနေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့များ၏ သား၊သမီး အရင်းအခြာ( ကိတ္တိသား/သားများ)၊ မွေးစားသား/သမီးများ(မပါ)၊ အကယ်၍ ၎င်းသား/သမီး အရင်းများသည် ကိုယ်တိုင်ဆန္ဒပြုပါက စစ်မှုထမ်းရန် ခွင့်ပြုနိုင်သည်၊ အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ် တစ်ခုခုရရှိသော အားကစားသမားများ၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ၊ တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ ပါဝင်ကြောင်း သိရှိရသည်။
နေပြည်တော်မှ စစ်ဘက်နှင့်အရပ်ဘက် အရာရှိများ၏ သားများမှာ စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေ ပြဋ္ဌာန်းချက်ဖြစ်သော ကင်းလွတ်ခွင့်ရရှိသူများ စာရင်းတွင် အကျုံးမဝင်ကြောင်း တွေ့ရှိရသည်။
