မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာကို စစ်တပ်က စက်တပ်လေထီး (ပါရာမိုတာ)ဖြင့် ဗုံးကျဲ သွားခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄ မိနစ်အချိန် မြိုင်မြို့နယ်တောင်ပိုင်းရှိ အိုရင်းကျေးရွာကို ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး (Paramotor) ၂ စီးက ဗုံး ၂ လုံး ကျဲ ချသွားခဲ့ရာ ဝါးရုံပင်ကြား၌ ပုန်းခိုနေသော အသက် ၄၃ နှစ်အရွယ်အမျိုးသား ၁ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
“နေအိမ်ရှေ့ ဝါးရုံပင်ကြားဝင်ပုန်းခိုရင်း ဗုံးစက နောက်ကျောကနေ ဖောက်ထွက်သွားတာပါ၊ ဗုံးခို ကျင်းထဲ ဝင်ချိန်မရလိုက်တာလည်း ဖြစ်နိုင်တယ်၊ ချမယ်လည်း မထင်လို့နေမှာ။ ဗုံးခိုကျင်းထဲဝင်နေ မယ်၊ ဒါမှမဟုတ် မြေပြင်ပေါ်မှာမှောက်နေခဲ့မယ်ဆိုရင်တော့ လွတ်မြောက်နိုင်တယ်၊ အဲဒီရွာမှာ ဘာ တိုက်ပွဲမှလည်းမရှိဘူး။ PDF စခန်းလည်းမရှိပါဘူး၊ ဘာမှ မရှိပဲလာချတာပါ။” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်၊ စက်တပ်လေထီး၊ ဒရုန်းများ တွေ့ရှိပါက စူးစမ်းလေ့လာခြင်းမျိုးမပြုလုပ်ဘဲ ဗုံးခိုကျင်းအတွင်း ဝင်ရောက်ပုန်းခိုနေကြရန်၊ လေ ကြောင်းရန်ကာကွယ်နိုင်ရန်အတွက် လေကြောင်းဆိုင်ရာ သတိပေးချက်များကို လိုက်ပေးကြရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

