စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အကြမ်းဖက် စစ်တပ်ထဲ ထည့်သွင်းခံရသူ ၂ ဦးက သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်တပ် ထဲထည့်သွင်းခံရသူ ၂ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လူ့ဂုဏ်သိက္ခာနှင့် အညီ ဆက်လက် နေထိုင်နိုင်ရေးအတွက်ပါ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“နောက်ထပ် အတင်းအဓမ္မစေခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားများအနေနဲ့ ကျွန်တော်တို့ စစ်ကိုင်း PDF ကို ယုံယုံကြည်ကြည်နဲ့ ဆက်သွယ်ပြီး အလင်းဝင်ရောက် နိုင်ပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ရပ်တည်နိုင်ရေးအတွက်ပါ တာဝန်ယူပါတယ်” ဟု စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ပြောဆိုသည်။

