ရန်ကုန်၊ ဇူလိုင် ၅
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်နှင့် မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းအုက်စုဝိုင်းကျေးရွာတွင် တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာ စာသငိကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ထိသွားတဲ့ ကလေးက နော်မိညိုးလိုခေါ်ပါတယ်။ ပြည်ဆေးရုံကို တင်သွားတယ်လိုကြားပါတယ်။ ကလေး၂ ယောက်ထိသွားတာတစ်ယောက်က စိုးရိမ်ရတယ်။ တစ်ယောက်က လက်ကို ထိသွားတာပါ။ လက်နက်ကြီးက ၃လုံးကျတာတဲ့ ၂ လုံးကရွာပြင်ကိုကျတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် တောင်သာမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်၌ တမိုက်သာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ယူထားသော တိုက်အနီး ဖြတ်သန်းသွားသည့် ပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၇ ရက်နေ့ကလည်း တောင်သာမြို့နယ် ၊ ငွေသောင်ကျေးရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးသီး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၁ လုံးပျက်ဆီးခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

