26.4 C
Yangon

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မော်မောင်လယန်ကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ တစ်ရက်လုံး စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မော်မောင်လယန်ကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့်KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖားကန့်မြို့နယ် မော်မောင်လယန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲရာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်နေကုန် တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၄ ရက်နေ့ ညနေပိုင်း ဖားကန့် တပ်မကုန်းမှ တစ်ဆင့် ကုလားချောင်၊ ကုလားချောင်မှ တစ်ဆင့် မော်မောင်လယန် ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော် ဝင်ရောက် တပ်စွဲလာကြောင်း၊ မော်မောင်လယန်ကျေးရွာထဲရောက်ချိန် စစ်တပ်က ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ ၁ ဦး ထိခိုက် သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က မော်မောင်လယန်‌ ရပ်ကွက်ရုံး၊ စာသင်ကျောင်း၊ တာဝါတိုင်တစ်ဝိုက်တပ်စွဲထားပြီး ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ တစ်နေ့လုံး KIA, PDF ပူးပေါင်း တပ်ဖွဲ့များနှင့် အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

“မနေ့မနက်ကနေ တောက်လျှောက်တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အပြန်အလှန်တိုက်ပွဲပြင်းထန်နေတယ်။ မော်မောင်းလယန် ကျေးရွာ၊ တောင်ပြို ဖလခ ကျေးရွာ၊ မြောက်ဖြူကွက်သစ်၊ အဲဒီဘက်က ကျေးရွာတွေက ပြည်သူတွေက အကုန်လုံးစစ်ဘေးရှောင်နေကြတယ်။ ဖားကန့်တပ်မကုန်းကနေလည်း ဒီတိုက်ပွဲဖြစ်တဲ့ မော်မောင်းလယန် ကျေးရွာတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ကူနေတာတွေ ရှိတယ်။ တစ်နေကုန်တောက်လျှောက် နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၄ ရက်နေ့ကလည်း KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား ဖားကန့်မြို့နယ် နေရာ ၂ ခုတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ နံနက်ပိုင်း အမှိုက်ပုံရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင်မူ ဖားကန့် တပ်မကုန်းမှ မော်မောင်လယန်ရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ု ဒီစစ်ကောင်စီ စစ်ကြောင်းတွေက သူတို့ လက်လွှတ်လိုက်ရတဲ့ လှမောင်ကုန်း ၊ မော်မောင်းကုန်းတို့က ဖားကန့်ရဲ့ အချက်အချာကျတဲ့နေရာတွေ ။ အဲဒီနေရာတွေ သူတို့ ပြန်လိုချင်လို့ သူတို့ နယ်မြေစိုးမိုးမှုလိုချင်လို့ စစ်ကြောင်းထိုးလာတာလို့ ယူဆတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလနှောင်းပိုင်းမှစတင်၍ ဖားကန့်တွင် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာချိန် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးပြည်သူ ၄၅ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖားကန့် ကျောက်စိမ်းလုပ်ကွက်များအတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article