27.2 C
Yangon

စလင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဖောက်ခွဲ တိုက်ခိုက်၊ ပခုက္ကူ ရှင်မကန်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၇

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း အဖွဲ့မှ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် စလင်းမြို့နယ်အတွင်းရှိ ညောင်ပင်သာ ဘုန်းကြီးကျောင်းတွင် အင်အား ၅၀ ကျော်ဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စလင်းမြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မိုင်းကတော့ ၂ လုံး စင်တာပေါ့။ ခွေးစစ်ကြောင်းလာတဲ့ အင်အား ၅၀ ပါ။ သူက ဆိုင်ကယ်တွေနဲ့ ကားတွေနဲ့ရောဆိုတော့။ ပြည်သူတွေအနားမှာရှိတော့ ကျွန်တော်တို့ မိုင်းကို ၁ လုံးပဲ ခွဲခဲ့ရတာပေါ့။ အပြင်းစာမိုင်းကိုတော့ မခွဲရဘူး။ မိုင်း ၂ လုံးထားထားတာ အဲဒီခွေးစစ်ကြောင်းက ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို လိုက်လံပြီး ပေါ်တာဆွဲတာ အမျိုးသမီး ၁ ဦးကို သူတို့ ရိုက်နှိပ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ပြည်သူတွေကလည်း ခွေးစစ်ကြောင်းနဲ့ အနီးစပ်ဆုံးနေရာတွေမှာ သွားလာဖြတ်သန်းခြင်း လုပ်ဆောင်ခြင်းမရှိဖို့နဲ့ ပြုလုပ်နေထိုင်ခြင်းတွေ မရှိဖို့အတွက် ကျွန်တော်တို့ကတော့ မေတ္တာ ရပ်ခံတိုက်တွန်းထားပါတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း အဖွဲ့မှ ကိုပြည်သူက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မအရှေ့ဘက်ရှိ ရှင်မကန် ပြည်သူ့စစ်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပြည်သူ့စစ်များကို ၂ ကြိမ်ဆက်တိုက် ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်နှင့် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် ကမ္မအရှေ့ဘက်ရှိ ရှင်မကန် ပြည်သူ့စစ်ရွာကို ရော့ကတ် ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုင် သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဲရွာမှ ခွေးနဲ့ ပသစ ၃၀ လောက်ပဲရှိပါတယ်။ လောလောဆယ်တော့ ထိခိုက်မှုရှိတယ်လို့တော့သိရပါတယ်။ ၃ ယောက်လောက်တော့ ထိတယ်လို့သိရတယ်။ ပစ်တော့သူတို့ကရွာရဲ့အပြင်ဘက်ကိုထွက်ပြေးကြတာလို့သိရတယ်။ ဒဏ်ရာရတာပါ။ ခွေးတွေက တော်လှန်ရေးအစကနေအခုထိပါ အထိုင်ချ တပ်စွဲထားတာ ခွေးတွေက ကြောက်လန့်ပြီး သေနက်တွေတော့ ထောင်ဖောက်ပါတယ်။ ပသစ ရွာထဲမှ လက်နက်ကိုင်တွေအနေနဲ့ အမြန်ဆုံးဘက်ပြောင်းပြီးCOBRA ONE တပ်ဖွဲ့ထံနဲ့ကျန်တပ်ဖွဲ့များထံသို့ ဆက်သွယ်ပြီးခိုလုံကြပါရန် တိုက်တွန်း ချင်ပါတယ် နောက်လည်း တိုက်ခိုက်သွားအုံးမည်ဖြစ်တဲ့အကြောင်းပြောချင်ပါတယ်”ဟု ပခုက္ကူ ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်ကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-တပ်ရင်း(၁)ပကဖ၊ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ ခရိုင်ပကဖ-တပ်ခွဲ(၅)ဧရာဒေါင်း၊နယ်မြေ(၁)ကာကွယ်ရေးတပ်ဖွဲ့ PLO Young Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article