26.6 C
Yangon

ဗန်းမော်ထိုးစစ်မရပ်လျှင် ကချင်ပြည်နယ်မှ မြေရှားသတ္တုဝယ်ယူမှု ရပ်ဆိုင်းမည်ဟု တရုတ်က KIA ကို ခြိမ်းခြောက် ရာဇသံပေး

Must read

ရန်ကုန်၊ ဇူလိုင် ၈

ဗန်းမော်ထိုးစစ်မရပ်လျှင် ကချင်ပြည်နယ်မှ မြေရှားသတ္တုဝယ်ယူမှု ရပ်ဆိုင်းမည်ဟု တရုတ်က KIA ကို ခြိမ်းခြောက် ရာဇသံဖြင့် ဖိအားပေးနေကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ တစ်စိတ်တစ်ပိုင်းသည် ကချင်ပြည်နယ်အတွင်း တရုတ် ကျားကန်ပေးထားသော စစ်ကောင်စီနှင့် KIA တပ်များအကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပဋိပက္ခအပေါ် လည်းမှီတည်နေကြောင်း၊ KIA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိကြောင်း၊ ကမ္ဘာ့ မြေရှားသတ္တုထုတ်လုပ်မှု ထဝက်နီးပါးမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဗန်းမော်မြို့အနီးတွင် တူးဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်မှ မြေရှားသတ္တုများကို အဓိက ဝယ်ယူ ချုပ်ကိုင်ထားသော တရုတ်နိုင်ငံက KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရပ်တန့်ရန် ခြိမ်းခြောက်ဖိအားပေးလာကြောင်း၊ အကယ်၍ KIA က ဗန်းမော်ထိုးစစ်မရပ်လျှင် မြေရှားသတ္တုဝယ်ယူမှုများကို ရပ်တန့်မည်ဖြစ်ဟု ပြောဆိုလာကြောင်း ရိုက်တာသတင်းကဆိုသည်။

ယခုနှစ် မေလတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများနှင့် တွေ့ဆုံစဉ် ထိုသို့ ရာဇသံပေးခြင်းဖြစ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ရန် သယံဇာတထုတ်လုပ် ဝယ်ယူသည့် နည်းလမ်းကို အသုံးပြုလာနေကြောင်း သိရှိရသည်။

တရုတ်နိုင်ငံက ယင်းကဲ့သို့ ခြိမ်းခြောက်မှုကို လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိကို Reuters က မဆုံးဖြတ်နိုင်သော်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ကန့်သတ်မှုများဖြစ်ပေါ်လာကာ မြန်မာနိုင်ငံမှ မြေရှားပါး တင်ပို့မှုမှာလည်း ယခုနှစ်အတွင်း ထိုးကျသွားခဲ့ကြောင်း သိရှိရသည်။

“မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား အစောပိုင်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှုတွေက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားအတွက်ပါ” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

KIA အကြီးတန်းဗိုလ်ချုပ်တစ်ဦးကမူ တရုတ်၏ ဖိအားနှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးပေ။

အမည်မဖော်လိုသော KIA အရာရှိတစ်ဦးကမူ ဗန်းမော်ထိုးစစ်ကို စွန့်လွှတ်ရပ်တန့်မည်ဆိုပါက တရုတ်နိုင်ငံက KIA ထိန်းချုပ်ထားသော နယ်မြေများနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လုပ်ဆောင်မည်ဟု မက်လုံးပေးကမ်းလှမ်းလာကြောင်း ပြောဆိုသည်။

“တကယ်လို့ ကျနော်တို့ လက်မခံဘူးဆိုရင် မြေရှားသတ္တုတွေ အပါအဝင် ကချင်ပြည်နယ်က ထုတ်ကုန်တွေ တင်ပို့တာကို ပိတ်ဆို့မယ်” ဟု KIA အရာရှိက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article