26.6 C
Yangon

ပေါင်းတည် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ကိုလှမင်း (ခ) ကိုလှကြီး ရုတ်တရက် နှလုံးရပ်၍ သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၈

ပဲခူးတိုင်း၊ ပေါင်းတည် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ကိုလှမင်း (ခ) ကိုလှကြီး ရုတ်တရက် နှလုံးရပ်၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ‌ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့တွင် ပေါင်းတည် အကျဉ်းထောင်၌ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဉ်းသား ကိုလှမင်း (ခ) ကိုလှကြီးသည် ရောဂါအခံမရှိဘဲ ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လက်ရှိသိထားသလောက်တော့ ဒီဆုံးသွားတဲ့ နိုင်ကျဉ်းဟာ ရောဂါ အခံမရှိဘဲနဲ့ ဆုံးသွားတယ်။ ဒါပေမဲ့ ရုတ်တရက်သေဆုံးမှု ဖြစ်တဲ့အတွက် ဘာကြောင့်မို့ ဆုံးတာလဲဆိုတာ ကျွန်တော်တို့ အသေးစိတ်ထပ်သိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီနှစ် သေဆုံးမှုကို ကျွန်တော်တို့ လေ့လာတဲ့အခါမှာ ပြီးခဲ့တဲ့ နှစ်ကထက် ၁၀ ရာခိုင်နှုန်းလောက်ကို မြင့်တက်လာတယ်။ ဒါဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီနိုင်ကျဉ်းတွေ အားလုံးလွှတ်ပေးဖို့ပဲ ကျွန်တော်တို့က ထပ်ပြီးတော့ ပြောချင်ပါတယ်ဗျ”ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသား ကိုလှမင်းကို ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး သေဆုံးခဲ့မှုအပေါ် အခြားအကြောင်းအရင်းများ ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စောင့်ကြည့်မှုများအရ ပေါင်းတည်ထောင်သည်လည်း အခြားအကျဉ်းထောင်များနည်းတူ ဆေးဝါးမလုံလောက်မှုနှင့် ကျန်းမာရေးစောင့်‌ရှောက်မှု လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၈ရက်နေ့အထိ မြန်မာနိုင်ငံရှိ အကျဥ်းထောင်များအတွင်း ကျန်းမာရေးကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ သက်ဆိုင်ရာ ထောင်အာဏာပိုင်များအနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးခြင်းမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မှုများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် PPNM မှ တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article