26.6 C
Yangon

ဘယ်လာရုစ်က မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့မှုများအပြင် စစ်လက်နက်ထုတ်လုပ်ရေး ဝန်ထမ်းများကိုပါ လေ့ကျင့်သင်ကြားပေးနေ

Must read

ဇူလိုင် ၈၊ ၂၀၂၅

၂၀၂၁ တရားမဝင် အကြမ်းဖက်စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုနှင့် ဘယ်လာရုစ်အစိုးရတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာစစ်အုပ်စုနှင့် ဘယ်လာရုစ်နိုင်ငံ တာဝန်ရှိသူများအကြား အပြန်အလှန်ပေးစာများအရ မြန်မာစစ်တပ်အတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းရန်ကာကွယ်ရေး အမိန့်ပေးစနစ်တစ်ရပ်ကို ဘယ်လာရုစ်နိုင်ငံက မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Justice For Myanmar (JFM) အဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းက အစီရင်ခံစာ ရေးသားထုတ်ပြန်ခဲ့သည်။

မြန်မာစစ်အုပ်စုသည် ၄င်း၏လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို နိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများ အသုံးပြုနေသည့် ဒရုန်းများအား ဖျက်ချရန်အတွက် အသုံးပြုနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နေ့စွဲဖြင့် ဘယ်လာရုစ်နိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေး နိုင်ငံတော် အာဏာပိုင်အဖွဲ့ (SAMI) ၏ ဒုတိယဝန်ကြီး (၁) ဖြစ်သူ အီဂေါဒီမီဒန်ကိုမှ မြန်မာ့လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းထံ ပေးစာအရ တင်မောင်ဝင်းသည် ၂၀၂၀ ခုနှစ် အတွင်း ဘယ်လာရုစ်နိုင်ငံသို့ ခရီးစဉ်တစ်ခုသွားရောက်ခဲ့ကြောင်း သိရှိရသည်။ တင်မောင်ဝင်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သူဖြစ်ပြီး၊ ဘယ်လာရုစ်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ် သရုပ်ပြပွဲများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဘယ်လာရုစ်နိုင်ငံ၏ နိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီကြီး Belspetsvneshtechnika, BSVT မှ မြန်မာစစ်အုပ်စု ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်လင်းထွန်းထံ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် ဒုတိယပေးစာအရ ဘယ်လာရုစ်နှင့် မြန်မာစစ်အုပ်စုအကြား အနည်းဆုံး သဘောတူစာချုပ်သုံးခုကို အကောင်အထည်ဖော်နေကြောင်းကို အတည်ပြုနိုင်ခဲ့သည်ဟု Justice For Myanmar ကထုတ်ပြန်သည်။

လျှို့ဝှက်ပေါက်ကြားလာသည့် ပေးစာများအနက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လရက်စွဲနှင့် ၂၀၂၁ ခု နှစ်၊ ဇွန်လရက်စွဲတို့ဖြင့် ချုပ်ဆိုခဲ့သည့် စာချုပ်များကို အခြေခံ၍ ဘယ်လာရုစ်က မြန်မာစစ်အုပ်စုကို ရောင်းချထားသည့် စစ်လက်နက်များတွင် MADOC/ADF၊ V3D/ADF နှင့် GMS-II/ADF စသည့် စစ်လက်နက်ပစ္စည်းများပါရှိကြောင်း သိရသည်။

MADOC သည် Myanmar Air Defence Operational Command (မြန်မာ့လေကြောင်းရန် ကာကွယ်ရေးစစ်ဆင်မှုဆိုင်ရာ ကွပ်ကဲရေးဌာန) ကို ရည်ညွှန်းပြီး BSVT သည် မြန်မာ့လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များအတွက် သီးသန့်ဒီဇိုင်း ရေးဆွဲထားသည့် စစ်ဆင်ရေးကွပ်ကဲမှုစနစ်တစ်ရပ်ကို ထုတ်လုပ်ရောင်းချပေးအပ်ခဲ့သည်ဟု JFM ကဆိုသည်။

V3D သည် “Vostok” 3D radar system (သုံးဘက်မြင်ရေဒါစနစ်) ကို ရည်ညွှန်းဟန်ရှိပြီး၊ ယင်းရေဒါသည် “ဝေဟင်အရာဝတ္တုတို့အား ရှာဖွေရန်၊ အကွာအဝေး၊ ရောင်ခြည်မြန်နှုန်းတို့အား တိုင်းတာရန်၊ ပစ်မှတ်များအား အလိုအလျောက်ခြေရာခံရန်နှင့် ရေဒါ အချက်အလက်များအား ထိန်းချုပ်ရေးစနစ်သို့ ပေးပို့ရန်” တို့ကို အထူး ဒီဇိုင်းရေးဆွဲထားကြောင်း BSVT ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

GMS-II/ADF စီမံကိန်းသည် Ground-based missile system (မြေပြင်အခြေစိုက်ဒုံးကျည်စနစ်) ကို ရည်ညွှန်းဖွယ်ဖြစ်ပြီး၊ ဘယ်လာရုစ်နိုင်ငံက မြန်မာနိုင်ငံသို့ ယခင်ရောင်းချထားသည့် Kvadrat-M မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် (SAM) နှင့် ဆက်စပ်သည်ဟု ဆိုနိုင်သည်။ ဘယ်လာရုစ်ကုမ္ပဏီ Alevkurp JSC ထုတ်လုပ်သည့် အဆိုပါ Kvadrat-M SAM စနစ်နှင့် ဆက်စပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် (3M3) ၁၀၀ ကို မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်တွင် ဝယ်ယူရရှိခဲ့ကြောင်း Stockholm international peace research institute ၏ အချက်အလက်များအရ သိရသည်။ Kvadrat-M Sam စနစ်ကို မြန်မာစစ်အုပ်စုက ၂၀၁၆ ခုနှစ်၊ မတ်လအတွင်း ၎င်းတို့၏ တပ်မတော်နေ့အခမ်းအနား၌ ပြသခဲ့သည်။

လျှို့ဝှက်ပေါက်ကြားလာသည့် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ထံမှ ပေးစာတွင် ယင်းအချိန်က မြန်မာ့လေတပ်၏ ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်သူ အောင်မျိုးထွန်းနှင့် BSVT ကိုယ်စားလှယ်များအကြား အစည်းအဝေးတစ်ရပ်ရှိခဲ့ပြီး၊ Kvadrat-M system နှင့် Vostok-E & Marker-M.” တို့အတွက် အပိုပစ္စည်းများ ရောင်းချပေးအပ်ရေး စာချုပ်တစ်ရပ် ချုပ်ဆိုရန် ဆွေးနွေးခဲ့ကြသည်ဟု JFM ကဆိုသည်။

Vostok 3D နှင့် အလားတူပုံစံ ဖြစ်သည့် Vostok-E သည် မိုဘိုင်းဒီဂျစ်တယ် ကြိမ်နှုန်းမြင့်ရေဒါဖြစ်ပြီး၊ Marker-M သည် လေကြောင်းစခန်းများစွာမှ အချက်အလက်များအား အသုံးပြု၍ လေယာဉ်တည်နေရာ ရှာဖွေရေးစနစ်တစ်ခု ဖြစ်ကာ၊ V3D ရေဒါစနစ်ကို ထုတ်လုပ်သည့် JSC KB Radar ကပင် ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ထားသည်ဟုလည်း ဆိုသည်။

Marker-M သည် ရန်သူ သို့မဟုတ် မိတ်ဆွေများထံမှ အချက်အလက်များ၊ ဝေဟင်အရာဝတ္တု တည်နေရာ ရှာဖွေရေးထိန်းချုပ်စင်တာများမှ အချက်အလက်များ၊ လေကြောင်းအတွက် အလိုအလျောက်ထိန်းချုပ်စနစ်များမှ အချက်အလက်များအား အသုံးပြု၍ ဝေဟင်ပစ်မှတ်များအား တိတ်တဆိတ် ခြေရာခံနိုင်ကြောင်း JFM က ၄င်း၏ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထိုသို့ ဘယ်လာရုစ်အစိုးရသည် မြန်မာစစ်အုပ်စုကို လေကြောင်းရန်ကာကွယ်ရေးစနစ်အား ရောင်းချထားခဲ့သလို၊ စစ်လက်နက်ထုတ်လုပ်ရေး ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးနေကြောင်း ထပ်မံထွက်ပေါ်လာသော သတင်းအချက်အလက်များအရ သိရသည်။

Justice For Myanmar က ကြည့်ရှုခဲ့ရသည်ဟုဆိုသော ဓါတ်ပုံနှင့် စာအထောက်အထားများအရ မြန်မာစစ်အုပ်စု‌မှ ကျောင်းသားများသည် Belarusian State University of Informatics and Radioelectronics (BSUIR) တွင် လေ့လာသင်ကြားရန် မင့်စ်မြို့တော်သို့ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရောက်ရှိခဲ့ကြောင်း တွေ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အဆိုပါ မြန်မာစစ်အုပ်စုကျောင်းသားများစွာသည် မင့်စ်မြို့တော်တွင် ရှိနေသေးကြောင်း ၄င်းတို့ထံ ထပ်မံပေးပို့လာသည့် အထောက်အထားများအရ သိရကြောင်း Justice For Myanmar ကဆိုသည်။

လက်ရှိတွင် BSUIR တက္ကသိုလ်၌ တက်ရောက်နေကြသည့် မြန်မာစစ်အုပ်စုကျောင်းသားများသည် BSUIR ၏ စစ်ဘက်ဌာနကြီးမှ အဓိကသုတေသန နယ်ပယ်ဖြစ်သော ရေဒီယိုအီလက်ထရောနစ်အင်ဂျင်နီယာ ပညာရပ်တွင် သုတေသနဆောင်ရွက်နေကြောင်း ယုံကြည်ထိုက်သည့်သတင်းရင်းမြစ်အပေါ် အခြေခံ၍ Justice For Myanmar ကဆိုသည်။

ယင်းကျောင်းသားများသည် နေပြည်တော်၊ တပ်ကုန်းရှိ အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ငဖဲရှိ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ မန္တလေးတိုင်း၊ မိတ္ထီလာရှိ အမှတ် (၁၀) မြန်မာ့အကြီးစားစက်ရုံများအပါအဝင် မြန်မာနိုင်ငံရှိ စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံများမှ ဖြစ်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

ကပစ (၄) သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် စစ်လက်နက်သစ်များကို သုတေသနပြု၊ ဒီဇိုင်းရေးဆွဲရသည့်အတွက် စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံ ၂၅ ရုံတွင် အဓိကဗဟိုချက် စက်ရုံဖြစ်သည်။

စစ်တပ်နှင့် နီးစပ်သည့်သတင်းရင်းမြစ်များအရ ကပစ ၂၀ သည် အမြောက်များအပါအဝင် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထုတ်လုပ်သည်ဟု သိရပြီး၊ China North Industries Group Corporation (NORINCO) မှ နည်းပညာအကူအညီများ ရရှိသည်ဟု သတင်းများက ဆိုသည်။

အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းသည် လေယာဉ်နှင့် မောင်းသူမဲ့ဝေဟင်ယာဉ် (ယူအေဗွီ) များအတွက် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည်။

BSUIR တက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာ့စစ်လက်နက်ထုတ်လုပ်ရေး ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များအရ ၎င်းတို့၏ သုတေသနများသည် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ရေဒါစနစ်များ တည်ဆောက်ရာတွင် အသုံးပြုဖွယ်ရှိသည်ဟု JFM ကဆိုသည်။ BSUIR တက္ကသိုလ်အပြင် Belarusian State Technological University (BSTU) တက္ကသိုလ်တွင်လည်း ၂၀၂၃ ခုနှစ်အတွင်း မြန်မာကျောင်းသားများ ရောက်ရှိနေကြောင်း JFM ကအတည်ပြုနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

BSTU တွင် စစ်ဘက်လေ့ကျင့်ရေးဌာနတစ်ခု ရှိပြီး၊ စက်တပ်ရိုင်ဖယ်တပ်စုများနှင့် စစ်လက်နက်ထောက်ပို့ လုပ်ငန်းများ၏ မြေပြင်လုပ်ငန်းများနှင့် ပတ်သက်သော အထူးပြုသတင်တန်းများ ဖွင့်လှစ်ထားရှိပြီး၊ ၂၀၂၅ ခုနှစ်၊ မေလနှောင်းပိုင်းတွင် BSTU ၏ ကျောင်းအုပ်ကြီးဖြစ်သူ Ihar Voitau သည်မြန်မာစစ်အုပ်စုမှ ဗိုလ်ချုပ်ကိုလေး၊ ဗိုလ်မှူးချုပ် ကျော်စိုးဦး ဆိုသူတို့နှင့် တွေ့ဆုံခဲ့ကြောင်း JFM ကထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article