မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် မိုင်းရှင်းလင်းရေး ပြုလုပ်နေသော အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာ-ဂွေးကုန်း လမ်းပိုင်းတွင် မြင်းခြံ တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထောင်ထားသော မိုင်များကို ရှင်းလင်းရန် မြို့သာ စခန်းနှင့် ဂွေးကုန်း စခန်းမှ အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီ တပ်သားများက မြို့သာဘက်မှ ထွက်ခွာလာပြီး ခရီးသွား ပြည်သူ ကားများကို တားဆီးကာ ပြည်သူများကို အဓားစာခံအဖြစ် ဖမ်းဆီးပြီး မိုင်းများကို တူးဖော်ရှင်းလင်းခိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းရှင်းလင်းရေး ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့သည် ကင်းပုန်းဝပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပေပါမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးချိန်တွင် ထိခိုက်သေဆုံးခဲ့သော စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သား’များက ဖောကား ၁ စီးဖြင့် ငါန်းဇွန်မြို့ ဘက်ကို မောင်းနှင်သွားကြောင်း သိရသည်။
“ပြည်သူတွေ နစ်နာသွားမှာဆိုးလို့ ကျနော်တို့ မိုင်းမခွဲလိုက်ရတာ ကျွန်တော်တို့ ရှောင်ပေးလိုက်ရတယ်။ အခုမိုင်းဆွဲ တိုက်ခိုက်တာကတော့ ၄ ကောင် တစ်ခါတည်း သေသွားတယ်။ ၂ ယောက်ကတော့ အပြင်းအထန်ဒဏ်ရတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာ၀န်ရှိသူတစ်ဦး ကပြောဆိုသည်။
