မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖိုကုန်းရွာနှင့် ချောင်းကြီးရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ဖိုကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို တံတားဦး လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နေ့လည် ၁ နာရီ လောက်မှာက ဖိုကုန်းရွာအနီးကို ဗုံး ၂ လုံး ကျဲချတယ်။ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်မှာလည်း ချောင်းကြီးကျေးရွာကို ထပ်ကျဲတာပေါ့။ ပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် နေအိမ်တွေတော့ ပျက်စီးသွားတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က နှိုးဆော်ထားသည်။


