ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ၇ ရက်တာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေ ဆုံးထိခိုက်သူ ၅၀ ဦးဝန်းကျင်ရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်း KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက အမှိုက်ပုံရွာနှင့် ဖားကန့်သင်္ချိုင်းတွင် ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း အပါအဝင် သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်က ၂၀ ဦးနီးပါး ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ထားရှိရာ နေရာထိမှန်၍ ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“မနေ့ မနက်က အမှိုက်ပုံနဲ့ ဖားကန့် သင်္ချိုင်းမှာ ရောက်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်း၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်တာ ရှိတယ်။ ဒီစစ်ကောင်စီရဲ့ လက်နက်ထားတဲ့ နေရာကို ထိမှန်ပြီးတော့ ပေါက်ကွဲသွားတာ ရှိတယ်။ သူတို့လက်နက်တွေ ထားတဲ့နေရာ မီးလောင်သွားတာရှိတယ်။ ဒီနေ့က အမှိုက်ပုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အယောက် ၂၀ နီးပါးထိခိုက်သေဆုံးတာရှိတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း မော်မောင်လယန်ကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်း ဖက်စစ်ကောင်စီဝင်များကို KIA , PDF ပူးပေါင်းတပ်ဖွဲ့က နေ့စဉ်တိုက်ခိုက်မှုများ ရှိပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း၊ မော်မောင်လယန်ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
“ပြည်သူ ဦးကို သတ်သွားတယ်။ အဲဒီမှာ ၂ ဦးကိုသာ အလောင်းကောက်ခွင့်ပေးလို့ သင်္ဂြိုဟ်နိုင်ခဲ့ပြီး ကျန် သေဆုံးသူ ၃ ဦးကတော့ မော်မောင်လယန်ရွာထဲမှာ ရှိနေပါတယ်။ သင်္ဂြိုဟ်ခွင့်မရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယခုဇူလိုင်လ ၄ ရက်နေ့မှစတင်၍ ဖားကန့်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်သူ ၅၀ ဦးဝန်းကျင်ရှိကြောင်း၊ စစ်တပ်က ဖားကန့်ကို စစ်ကြောင်းများခွဲ၍ နေရာပေါင်းစုံမှ တိုက်ပွဲများ ဖန်တီးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိအချိန်တွင် စစ်တပ်က ဖားကန့်မြို့နယ်အတွင်း မော်မော်လယန်၊ စုငယန်၊ အမှိုက်ပုံ၊ မှော်ဆီဇာစသည့် နေရာများတွင် နေရာယူထားပြီး မော်မောင်းကုန်း၊ လမောင်ကုန်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“သူတို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ လမောင်ကုန်းကို ပြန်လိုချင်တာပေါ့။ စစ်ကြောင်းတောက်လျှောက် ထိုးနေတယ်။ ဖားကန့်မြို့အနောက်ဘက်မှာ စစ်ပွဲ တောက်လျှောက်ဖြစ်နေတာပေါ့။ မနေ့ မနက်ပိုင်းမှာလည်း လဝကျေးရွာ၊ တနိုင်းလမ်း ၊ လီဒိုရွာဘေးက ခွန်စိုင်ယန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA,PDF ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ပြီး သူတို့ရဲ့ စခန်းကို သိမ်းပိုက်ထားတာ ရှိတယ် လဝကျေးရွာအနီးပေါ့။ လဝကျေးရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာ ရှိတယ် ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များက မေလနှောင်းပိုင်းမှစတင်၍ ဖားကန့်မြို့နယ်သို့ စစ်ကြောင်းထိုးကာ တိုက်ပွဲများ ဖန်တီးနေခြင်းဖြစ်သည်။
ဓာတ်ပုံ- ဖားကန့်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
