ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်တွင် မောက်မယ်မြို့နယ် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌနှင့် လွှတ်တော်အမတ် စိုင်းငေါင်းဆိုင်ဟိန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်နှင့် သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန် မောက်မယ်မြို့နယ် ကြံ့ဖွတ်ပါတီ ဥက္ကဌ စိုင်းငေါင်းဆိုင်ဟိန်းက ၎င်းပိုင်တောင်ယာခြံအတွင်း လုပ်ငန်းများလုပ်ကိုင်နေစဥ် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ် ခတ်ခဲ့ကြောင်း၊ စိုင်းဒေါင်းဆိုင်ဟိန်းမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
” အခုထက်ထိတော့ ပစ်ခတ်သွားသူနဲ့ပတ်သက်လို့ ဖမ်းမိပြီဆိုတာမျိုး ရဲဘက်က မိသားစုကို အကြောင်း ကြားတာမရှိသေးဘူး။ ဘယ်အဖွဲ့၊ ဘယ်လက်နက်ကိုင်က ပစ်လဲဆိုတာလည်း မသိရပါဘူး” ဟု မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မောက်မယ် မြို့နယ် ကြံ့ဖွံ့ ပါတီ ဥက္ကဌ စိုင်းငေါင်းဆိုင်ဟိန်းမှာ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေး ကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ၃ ကြိမ်စလုံး အနိုင်ရရှိထားသော လွှတ်တော်အမတ် တစ်ဦးလည်းဖြစ်သည်။
