ရန်ကုန်၊ ဇူလိုင် ၁၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်ဖိုရွာ ဘုန်းကြီးကျောင်းအနီး လမ်းကင်းယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် ဇဝဲတပ်ဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်သည် ရမ်းဖိုကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းကင်းလာယူစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဇဝဲတပ်ဘက် ကနေ စစ်ကောင်စီ တပ်အင်အား ၃၀ ခန့်က ရမ်းဖိုကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းကင်းလာယူနေတဲ့ အချိန် မိုင်းဆွဲ တိုက်ခိုက်တာ ရမ်းဖိုကျေးရွာ နေအိမ်ထဲကို ဝင်ရောက်သွားတာ မြင်တော့ ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘူး” ဟု ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်း တပ်ဖွဲနှင့် မြိတ်ပကဖအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
