ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရိုးမအစပ်ကို ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက မအူတန်းရွာကို ဆက်လက် မီးရှို့နေပြီး ပြည်သူများကို လူသားဒိုင်း အဖြစ်လည်း ဆက်လက် ဖမ်းဆီးထားကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး လက်ပံတန်းမြို့နယ် ရိုးမ အစပ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီခန့်တွင် စီတုန်းရွာနှင့် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မအူတန်းရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား မီးလောင် ပြာကျခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယင်း စစ်ကြောင်းသည် စီတုန်းရွာနှင့် မအူတန်းရွာမှ ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စီတုန်းရွာနှင့် မအူတန်းရွာမှ ပြည်သူများ အပါအဝင် အနီးအနား ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက စီတုန်းရွာကို မီးရှို့ပြီးတဲ့ နောက်မှာ မအူတန်းရွာကို ဆက်ပြီးတော့ မီးရှို့နေတယ်။ ပြည်သူတွေလည်း အကုန်ထွက်ပြေးနေရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေက ၂ ရွာလုံးမှာရှိတယ် လူဦးရေ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လက်နက်ကြီးတွေ ဆက်တိုက် ရမ်းပစ်နေတုန်းပဲ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စီတုန်းရွာနှင့် မအူတန်းရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူနေကြောင်း သိရသည်။


