ချင်းပြည်နယ်၊ ဟားခါးမြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Chinland Defense Force-Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ဟားခါးမြို့ ရဲစန်းမှ ရဲ တပ်သား ၁ ဦး သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် G3 သေနတ် ၁ လက်၊ ကျည်အိမ် ၁ လုံး၊ Talkie ၁ လုံး တို့ကို ယူဆောင်လာပြီး Chinland Defense Force – Hakha ထံသို့ အလင်းဝင်လာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အလင်းဝင်လာသော ရဲ ၁ ဦးကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့် နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“Hakha မြို့ ကျနော်တို့ CDF-Hakha က ဝိုင်းထားတယ်ဆိုတော့ Hakha မြို့ကနေထွက်လာရင် ကျနော်တို့ဆီ အလိုလိုရောက်တယ်။ G3 တစ်လက်၊ ကျည်အိမ် ၁ လုံး၊ Talkie တစ်လုံး၊ Hakha သိမ်းတိုက်ပွဲ ဖော်ဆောင်မှု မလုပ်ခင် အလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု Chinland Defense Force-Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို Chinland Defense Force – Hakha မှ အမြဲတမ်း ကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။
